တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့်
စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့်
စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌
ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng
Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စက်မှုဝန်ကြီး ဌာန၊
ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်တင်ထူး၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက လူသားများ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် စွမ်းအင်ကို မရှိမဖြစ်အသုံးပြုရပါကြောင်း၊ သဘာဝကို မှီခို၍အသုံးပြုရသည့် စွမ်းအင်များ ဖြစ်သောကြောင့် အချို့သော စွမ်းအင်များသည် ကောင်းကျိုးရှိသကဲ့သို့ ဆိုးကျိုးလည်းရှိပါကြောင်း (ဥပမာ- ရုပ်ကြွင်းလောင်စာစွမ်းအင်များ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ)၊ သဘာဝကို ထိခိုက်မှုနည်းစေပြီး စွမ်းအင်ကို အကျိုးရှိစွာအသုံးချနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းခြင်းကိုလျှော့ချနိုင်ခြင်း၊ စွမ်းအင်ချွေတာခြင်း၊ စွမ်းအင်လုံလောက်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေရေးအတွက် စွမ်းအင်စီမံ ခန့်ခွဲမှုစနစ် ကောင်းမွန်ရန် လိုအပ်ပါ ကြောင်း၊ မြန်မာနိုင်ငံသည် စွမ်းအင်အရင်းအမြစ် ကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ စွမ်းအင်များတွင်ရှိနေသော ကောင်းကျိုး၊ ဆိုးကျိုးဆိုင်ရာများကို နားလည်သိရှိပြီး ကောင်းမွန်စွာ အသုံးချနိုင်ရေးအတွက် စွမ်းအင်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာများကို သိရှိထားကြရမည်ဖြစ် ပါကြောင်း၊ ယနေ့ကမ္ဘာကြီးတွင် ရွေ့လျားစွမ်းအင်၊ တည်မြဲစွမ်းအင်၊ အပူစွမ်းအင်၊ အလင်း စွမ်းအင်၊ အသံစွမ်းအင်၊ လျှပ်စစ်စွမ်းအင်၊ ဓာတုစွမ်းအင်၊ အနုမြူစွမ်းအင်စသည့် စွမ်းအင်များကို ပုံစံအမျိုးမျိုးနှင့် အသုံးပြုနေကြရာ ၎င်းစွမ်းအင်အမျိုးမျိုးကို စီမံခန့်ခွဲမှုနည်းစနစ်များ၊ အကျိုးရှိ ထိရောက်စွာ သုံးစွဲရေးဆိုင်ရာ သဘောသဘာဝများ၊ လုပ်ငန်းခွင်နှင့်မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်ရှိ စွမ်းအင်စီမံခန့်ခွဲရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခြင်းများ၊ ထို့အပြင် စွမ်းအင်သုံးစွဲမှုကို လျှော့ချနိုင်ခြင်းဖြင့် စီးပွားရေးအရ အကျိုးအမြတ်ရရှိစေသည့်အပြင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ခြင်းစသည့် အကြောင်းအရာများကို ကျယ်ပြန့်စွာ သင်ကြားပို့ချပေးခဲ့သည့်အတွက် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းနည်းပြများအား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်တစ်ရပ်ဖြစ်သည့် လျှပ်စစ်သုံးစွဲမှု ချွေတာစွာအသုံးပြုနိုင်ရေးကို လိုက်နာဆောင်ရွက်လျက်ရှိပြီး စွမ်းအင်သုံးစွဲမှု စစ်ဆေးခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်စွမ်းအင်သုံးစွဲမှုများကို စစ်ဆေးခြင်း၊ လျှော့ချခြင်း လုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းမှ ရရှိလာသည့် စွမ်းအင်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာ ဗဟုသုတများကို မိမိတို့ဌာနအတွက် လက်တွေ့စနစ်တကျ အသုံးချပြီး လက်ဆင့်ကမ်းမျှဝေကြရန်ဖြစ်ပါကြောင်း၊ စွမ်းအင်များကို အကျိုးရှိရှိ သုံးစွဲခြင်းအားဖြင့် မိမိတို့ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှသည် မိမိတို့နိုင်ငံသူ နိုင်ငံသားများ၏ လူနေမှုဘဝမြင့်မားတိုးတက်စေရေးအတွက် အထောက်အကူပြုစေရန် ကျရာကဏ္ဍ အသီးသီးမှ ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းပြောကြားပါသည်။
၎င်းနောက် ဒုတိယဝန်ကြီးက
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်သည် မရှိမဖြစ် အရေးပါပြီး ယနေ့ကမ္ဘာတွင်
ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသော ပြန်လည် ပြည့်ဖြိုးမြဲမဟုတ်သည့်
စွမ်းအင်အရင်းအမြစ်များသည် မဝေးတော့သော အနာဂတ်ကာလတွင်
ကုန်ဆုံးသွားမည်ဖြစ်ပါကြောင်း၊ စွမ်းအင်ကို ခြိုးခြံချွေတာခြင်း၊ အကျိုးရှိထိရောက်စွာ
သုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်များ သက်သာစေနိုင်မည့်အပြင် သဘာဝသယံဇာတများ
ပျောက်ကွယ် ခြင်းနှင့် သဘာဝပတ်ဝန်းကျင်အား ထိခိုက်ပျက်စီးမှုကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ပါ
ကြောင်း၊ စွမ်းအင်ကို အကျိုးရှိထိရောက်စွာ
သုံးစွဲရေးနည်းလမ်းများဖြင့် လုပ်ငန်းခွင်နှင့်
မိမိတို့ နေထိုင်ရာ ပတ်ဝန်းကျင်၏ စွမ်းအင်စီမံခန့်ခွဲရေးလုပ်ငန်းများတွင်
ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ထို့အတူ
ဝန်ထမ်းများအနေဖြင့်လည်း ကာယဗလ၊ ဉာဏဗလ၊ ဘောဂ ဗလ၊ စာရိတ္တဗလ၊ မိတ္တဗလဟူသော ဗလငါးတန်၏
စွမ်းအင်များကို ကောင်းမွန်စွာ စီမံခန့်ခွဲ နိုင်ပါက မိမိတို့၏ စွမ်းဆောင်ရည်များ မြင့်မားလာမည်ဖြစ်ပြီး
ခေတ်မီဖွံ့ဖြိုးတိုးတက်သော၊ စွမ်းအားရှိသော နိုင်ငံတစ်နိုင်ငံဖြစ်စေရေးအတွက် မိမိတို့၏
စွမ်းအင်များနှင့် အားလုံးဝိုင်းဝန်ပံ့ပိုးကြစေလိုပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ စက်မှုဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား သင်တန်းသားတစ်ဦးအား ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။