တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
နေပြည်တော် 2024-10-29
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် “စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်စက်မှုဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်တင်ထူး၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်သည် မရှိမဖြစ် အရေးပါပြီး ယခုစွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်းသည် အားလုံးသိရှိထား သင့်သည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ ရုံးအဆောက်အဦများ၌ စွမ်းအင်ကိုအကျိုးရှိ ထိရောက်စွာ သုံးစွဲရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူ ပြုစေမည်ဖြစ် ပါကြောင်း၊ ထို့အတူ ဝန်ထမ်းမျာအနေဖြင့်လည်း ကာယဗလ၊ ဉာဏဗလ၊ ဘောဂဗလ၊ စာရိတ္တဗလ၊ မိတ္တဗလဟူသော ဗလငါးတန်၏ စွမ်းအင်များကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပါက ဘဝတွင် အောင်မြင်ကြီးပွားလာမည်ဖြစ်ပါကြောင်း၊ သင်တန်းမှ ပို့ချခဲ့သည့် သင်ခန်းစာများကို လက်တွေ့နယ်ပယ်တွင် စဉ်ဆက်မပြတ် ပြန်လည်အသုံးချခြင်းဖြင့် တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ပိုမိုမြင့်မားလာမည်ဖြစ်ပြီး သိရှိလာသည့် ဗဟုသုတများ၊ တတ်ကျွမ်းလာသည့် ပညာရပ်များကို လက်ဆင့်ကမ်းမျှဝေသွားကြရန်နှင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက် များကို အကောင်အထည်ဖော်ရာတွင် ပိုမိုအထောက်အကူပြုနိုင်ရေးအတွက် အထူးကြိုးစား သင်ယူသွားကြရန် အလေးအနက်ထား မှာကြားလိုပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ စက်မှုဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က စွမ်းအင်စီမံခန့်ခွဲမှုအခြေခံ သင်တန်းနှင့်ပတ်သက်သည့် အသိပညာပေးဆောင်ရွက်ခဲ့ခြင်းများ၊ စွမ်းအင်စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် ဝန်ကြီးဌာန၏ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို  အသေးစိတ်ရှင်းလင်းပြောကြားပါသည်။

၎င်းနောက် သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း  မိတ်ဆက်ကြပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းနည်းပြ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

          အဆိုသင်တန်းသို့ အရာထမ်း သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်ကြမည် ဖြစ်ပြီး သင်တန်းကာလမှာ (၃) ရက်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

 

Image
Image