တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ)သင်တန်း ဆင်းပွဲအခမ်းအနားသို့ တက်ရောက်
ရှမ်းပြည်နယ် 2024-10-29
Image

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနနှင့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနတို့မှ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ)သင်တန်း ဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ (၂၉) ရက်နေ့၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့နယ်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များ၊ သင်တန်းနည်းပြများနှင့်သင်တန်းသူများ တက်ရောက်ကြပါသည်။

            ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်ခဲ့သည့်သင်တန်းဟာ ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ပတ်သက်သည့် သင်တန်းဟုထင်မြင်ယူဆရသော်လည်း နောင်အနာဂတ်နိုင်ငံနှင့် အိမ်ထောင်မိသားစုများ အတွက် ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ပတ်သက်သည့် ကနဦး အုတ်မြစ်ချ ခြင်းပင်ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ဆိုသည်မှာ မွေးကင်းစမှ အသက် (၈) နှစ်ပြည့်သည့်အရွယ်အထိ ရှိသူကိုဆိုလိုခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံသားတစ်ဦးချင်းနှင့် မိသားစုများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် တစ်ခုနှင့်တစ်ခု ကွင်းဆက်အပြန်အလှန် အကျိုးပြုသက်ရောက်နေပါကြောင်း၊ “အစကောင်းမှ အနှောင်း သေချာ” ဆိုသည့်အတိုင်း ကလေးသူငယ်များကြီးပြင်း လာသည့်အခါ ၎င်းတို့ကျင်လည် ဝင်ဆံ့ရမည့် အနာဂတ်လူ့ဘောင်အတွက် လိုအပ်သည့်ကိုယ်ကျင့်သိက္ခာနှင့်စွမ်းရည်များကို  (ကနဦး) ပြုစုပျိုးထောင်ပေးရန်နှင့် ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ပေးဖို့ အကောင်းဆုံး အချိန်အခါလည်းဖြစ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာလုပ်ငန်းတွင် အစိုးရဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ဘာသာရေး အခြေပြုအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများ၊ တတ်သိပညာရှင်အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ကြရမည် ဖြစ်ပါကြောင်း၊ ဒါ့ကြောင့် မိသားစုများနှင့် ရပ်ရွာလူ့အဖွဲ့အစည်းများသည် မွေးကင်းစမှ ရှစ်နှစ်အရွယ်ကလေးအားလုံးတို့၏ သိမြင်နားလည်ခြင်းဆိုင်ရာဖွံ့ဖြိုးမှု၊ ကာယဖွံ့ဖြိုးမှု၊ ပေါင်းသင်းဆက်ဆံရေးဖွံ့ဖြိုးမှု၊ ဘာသာစကားဖွံ့ဖြိုးမှုနှင့် ဉာဏဖွံ့ဖြိုးမှုတို့အတွက် စဉ်ဆက် မပြတ်ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းကို နည်းစနစ်မှန်ကန်စွာဆောင်ရွက်သွားကြရန်၊ သင်တန်းတက်ရောက်သင်ကြား ပြီးခဲ့သည့် သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချခဲ့သည့် သင်ခန်းစာများကို မိမိတို့ဒေသတွင် မှန်ကန်သော နည်းလမ်းများဖြင့် စနစ်တကျပြန်လည်အသုံးချတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်များကို မှန်ကန်သော အသိစိတ်ဓာတ်ကို အခြေခံသည့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး စသည်များ ဘက်စုံဖွံ့ဖြိုးစေရေးအတွက် ကလေးသူငယ်ဖွံ့ဖြိုးရေးစံနှုန်းများနှင့်အညီ ပြုစုပျိုးထောင်ရန် လိုအပ်မည်ဖြစ်ကာ အရည်အသွေးပြည့်ဝပြီး ကျွမ်းကျင်သည့် ဥယျာဉ်မှူးကောင်း၊ စေတနာ့ ဝန်ထမ်းဆရာမကောင်းများ ပေါ်ထွန်းလာစေရန် မိမိအနေဖြင့် ဆုမွန်ကောင်းတောင်း ဆန္ဒပြုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

          ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အမှာစကားပြောကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် တိုင်းရင်းသား လူမျိုးပေါင်း (၁၃၀)ကျော် စုစည်းနေထိုင်ကြပြီး ရှမ်းပြည်နယ်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ပြီး ရှမ်း၊ ကချင်၊ ပအိုဝ်း၊ အင်းသား၊ ထနော့၊ ကိုးကန့်နှင့် ဗမာတိုင်းရင်းသား စုစုပေါင်း သင်တန်းသူ (၅၄) ဦး တက်ရောက်ခဲ့ပါကြောင်း၊ လူတစ်ဦး၏ ဘက်စုံဖွံ့ဖြိုးမှုအတွက် ငယ်ရွယ်စဉ်ကလေးဘဝအတွေ့အကြုံများသည် အလွန် အရေးကြီးပါကြောင်း၊ ကလေးဘဝတစ်သက်တာမှာ အရေးကြီးသည့် အသက်အရွယ် အပိုင်းအခြားတစ်ရပ်ဖြစ်ပြီး ကိုယ်ခန္ဓာနှင့်စိတ်နုနယ်ပျော့ပျောင်းသည့် အရွယ်ဖြစ်သည့် အတွက် သင်ကြားတတ်မြောက်ဖို့လည်း လွယ်ကူသည့်အချိန်၊ ပြုပြင်သွန်သင်ဖို့ အထူးကောင်းမွန်သည့်အချိန်လည်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီးတို့သည် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ)သင်တန်းသို့ အောင်မြင်စွာတက်ရောက်ခဲ့သည့် တိုင်းရင်းသားယဉ်ကျေးမှုနှင့် စာပေအသင်းအဖွဲ့ ကိုယ်စားပြုသင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပြီး  သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြား ခဲ့ပါသည်။

          ယင်းနောက် သင်တန်းသူများက ရှမ်း၊ ပအိုဝ်း၊ အင်းသားနှင့် ထနော့ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ပြီး ပြည်ထောင်စုဝန်ကြီးက ယဉ်ကျေးမှု အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ပါသည်။

          နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် အဖွဲ့ တို့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံ အမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့် လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စနစ်တကျ မှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများကိုလည်း အထူးအလေးဂရုပြုလိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများတို့သည် တိုင်းရင်းသားလူမျိုးများရေးရာလုပ်ငန်း ဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ စနစ်တကျမှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန်အရေး (၃)ပါးကို မထိခိုက်စေဘဲ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံလျက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့က မျှော်လင့်တောင့်တနေသည့် တိုင်းပြည် သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ  အစွမ်းကုန်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်  တိုက်တွန်း ပြောကြားခဲ့ ပါသည်။

          ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ဝန်ထမ်းများက အထွေထွေဆွေးနွေး တင်ပြကြရာ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

          ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး ရုံးအဝင်လမ်းခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

 

Image