တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း၊ရခိုင်လူမှုရေးအသင်းများနှင့်တွေ့ဆုံပွဲအခမ်းအနား အောက်တိုဘာလ(၂၀)ရက်
ရန်ကုန်တိုင်းဒေသကြီး 2024-10-22
Image

ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့် ရခိုင်လူမှုရေးအသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။

  ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးဦးဇော်အေးမောင်က ကမ္ဘာ့ပထဝီနိုင်ငံရေး ၊ မြန်မာ့ပထဝီ နိုင်ငံရေး၊ သဘောတရားများက မြန်မာနိုင်ငံအပေါ် သက်ရောက်မှုများ၊ အဆိုပါ သက်ရောက်မှုအပေါ် တိုင်းရင်းသားများကသိရှိနားလည်၍ စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား ကို ရှေ့ရှု၍ဆောင်ရွက်သွားရန်၊၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် တိုင်းရင်း သားအခွင့်အရေးများကာကွယ်စောင့်ရှောက်‌ရေး ဥပဒေနှင့်အညီ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်၊ အသင်းအဖွဲ့များ အနေဖြင့် စာပေနှင့်ယဉ်ကျေးမှုအသင်း၊ လူမှုရေးအသင်း ၊ ဘာသာရေးအသင်း အစရှိသဖြင့် အသင်း များ၏ ရည်ရွယ်ချက်လုပ်ငန်းစဉ်များ လုပ်ကိုင်ရာဆောင်ရွက်ရာတွင် ဥပဒေဘောင်အတွင်း၌ ဆောင်ရွက်နိုင်ရန်အတွက် အသင်းအဖွဲ့များ မှတ်ပုံတင်ရေးဥပဒေနှင့်အညီ မိမိတို့၏အသင်းအဖွဲ့ကို တိုင်းဒေသကြီးအဆင့်ထိ မှတ်ပုံတင်နိုင်ရေးဆောင်ရွက်ထားကြရန် မှာကြားခဲ့ပါသည်။ 

  ထို့နောက် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အသင်းအဖွဲ့ မှတ်ပုံတင်ရေးဥပဒေအရ မှတ်ပုံတင်နိုင်ရေးဆောင်ရွက်နေမှုများနှင့် တိုင်းရင်းသားရေးရာကိစ္စရပ် များကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာသည့် ရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့ တာဝန်ရှိသူများက လိုအပ်ချက်နှင့် ကူညီဆောင်ရွက်ပေးရမည့် အချက်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Image
Image
Image