တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန သမဝါယမအသင်းဖွဲ့စည်းရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ အသိပညာပေးခြင်း ဆွေးနွေးပွဲများ ကျင်းပ နေပြည်တော် စက်တင်ဘာ ၂၅
နေပြည်တော် 2024-09-27
Image

သမဝါယမအသင်းဖွဲ့စည်းရေးဆိုင်ရာ အသိပညာပေးဟောပြောသည့် အခမ်းအနားကို  (၂၅-၉-၂၀၂၄) ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊  သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဉာဏ်ဝင်းမောင်နှင့် အရာထမ်း အမှုထမ်းများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော် အကြီးအကဲ၏ မူဝါဒတစ်ရပ်ဖြစ်သည့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံအုတ်မြစ် တစ်ခုဖြစ်သည့် သမဝါယမစနစ်၊ သမဝါယမစီးပွားရေးကိစ္စရပ်များကို  နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ ဝန်ထမ်းများအားလုံး သိရှိထားကြရမည်ဖြစ်ပါကြောင်း၊ သမဝါယမစနစ်သည် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းဟူသော  လောကပါလတရား သုံးပါးနှင့် ညီညွတ်ပါကြောင်း၊ ယနေ့ခေတ်သမဝါယမစနစ်သည် ကျေးလက်နေပြည်သူအများစုနှင့် မြို့ပြနေ အခြေခံလူတန်းစား များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေပြီး တိုင်းပြည်စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် သမဝါယမစီးပွားရေး လုပ်ငန်းများဖြင့် တစ်ဖက်တစ်လမ်းမှ အမှန်တကယ် အထောက် အကူပြုလာစေ၍ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များကို အားပြည့်/ အားဖြည့် လာစေမည်ဖြစ်ပါကြောင်း၊ အဆိုပါသမဝါယမအသင်းဖွဲ့စည်းခြင်းဖြင့် ဌာနရှိဝန်ထမ်းများ  စနစ်တကျ စုဆောင်းတတ်သော အလေ့အကျင့်ကောင်းများရရှိခြင်း၊ သမဝါယမစနစ်ဖြင့် ငွေစုဆောင်းခြင်း၊ ငွေချေးယူခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ခြင်းနှင့် ဝန်ထမ်းများ၏ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးစသည်တို့အတွက် အထောက်အပံ့ကောင်းများရရှိစေရန် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအားလုံး သမဝါယမအသင်းဖွဲ့စည်းခြင်းနှင့်စပ်လျဉ်းသည့် ဟောပြောချက်များအား သေချာစွာလေ့လာမှတ်သားကြရန်နှင့် လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဝိုင်းဝန်းဆွေးနွေးပြီး မိမိ တစ်ဦးချင်းမှစ၍ မိမိအဖွဲ့အစည်း၊ မိမိ၏ဌာနအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်၍ သမဝါယမအသင်းသားကောင်းများ ဖြစ်ကြပါစေကြောင်း ပြောကြားပါသည်။ 

ဆက်လက်၍ ဒုတိယဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ မူဝါဒဖြစ်သော သမဝါယမ စနစ်သည် တစ်ဦးချင်းအကျိုးစီးပွားနှင့် အများအတွက်အကျိုးစီးပွားကို ဆက်စပ်ထားခြင်း ဖြစ်ရာ အသင်းသားတစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ အသင်းလိုက်အနေဖြင့်လည်းကောင်း၊ “တစ်ဦးအကျိုးကို အများကဆောင်ရွက်၊ အများအကျိုးကို တစ်ဦးကဆောင်ရွက်” (One for all, all for One) ဟူသည့်စကားအတိုင်း အပြန်အလှန် ရိုင်းပင်းကူညီကြရန်ဖြစ်ပါကြောင်း၊ သမဝါယမအသင်း အဆင့်ဆင့်တွင် ထုတ်ကုန်သမဝါယမအသင်း၊ ဝန်ဆောင်မှုသမဝါယမအသင်း၊ ကုန်သွယ်မှုသမဝါယမအသင်းနှင့် အထွေထွေသမဝါယမအသင်း စသည်ဖြင့်ပါဝင်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင် သမဝါယမစနစ်ကို ထူထောင်၍ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ အားလုံးပူးပေါင်း ဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားပါသည်။ 

ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးက သမဝါယမအသင်းများ ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်များကို Powerpoint ၊ Video Clip  များဖြင့် ရှင်းလင်းတင်ပြပါသည်။

၎င်းနောက် အသိပညာပေး ဟောပြောပွဲတက်ရောက်လာကြသူများက သိရှိလိုသည် များကို မေးမြန်းကြရာ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေး ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ အသိပညာဆွေးနွေးပွဲကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ကလေးအလုပ် သမားနှင့်ပတ်သက်သော အသိပညာများရရှိစေရန်နှင့် ဥပဒေရေးရာလုပ်ငန်း ကော်မတီ၏ လုပ်ငန်းများအား သိရှိနိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ၂၄-၈-၂၀၂၃ ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ်၊ ၁၈၀/ ၂၀၂၃ ဖြင့် ပြင်ဆင်ဖွဲ့စည်း ခဲ့ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အဖွဲ့ဝင် (၃၆)ဦး ပါဝင်ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊  ဥပဒေရေးရာကော်မတီတွင် လုပ်ငန်း (၁၂)ရပ် ရှိပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းလုံး၌ ကလေးအလုပ်သမား ၈.၉ သန်းခန့်ရှိသည်ကို သိရှိရပါကြောင်း၊ အသက်(၁၅)နှစ်မှ အသက်(၁၈)နှစ်အတွင်း ကလေးသူငယ်များသည် အသိ ပညာများကြွယ်ဝလာစေရန် ကျွမ်းကျင်မှု၊ အရည်အချင်းများ လေ့လာရသည့် ကာလဖြစ်သဖြင့် အဆိုပါကလေးသူငယ်များအား လုပ်ငန်းခွင်တွင် ဆောလျင်စွာအသုံးချခြင်း၊ ဝင်ရောက်လုပ်ကိုင် စေခြင်းများကြောင့် တန်ဖိုးရှိသော လူငယ်လူရွယ်များဖြစ်ရန် အဟန့်အတားဖြစ်စေပြီး နိုင်ငံတော် အတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ဆုံးရှုံးလျက်ရှိပါကြောင်း၊ အဆိုပါကိစ္စသည် အထူး သဖြင့် ဆင်းရဲသော မိသားစုများတွင် သက်ရောက်မှု ပိုမိုကြီးမားသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ရာ ကလေးအလုပ်သမားတိုးပွားလာမှုမရှိစေရေးအတွက် တုံ့ပြန်ဆောင်ရွက်မှုများ၊ လူမှု အကာအကွယ်များ၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးမှုများ၊ သင့်လျော်ကောင်းမွန်သော အလုပ်အကိုင် တိုးမြှင့်ပေးခြင်းများ၊ ကျောင်းနေအရွယ်ကလေးများ အခမဲ့ပညာသင်ကြားနိုင်ရေး တို့ကို ကလေးအလုပ်သမားဆိုင်ရာဥပဒေများဖြင့် ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ ထို့အပြင် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ ဘက်ပေါင်းစုံမှ တုံ့ပြန်ဆောင်ရွက်သည့် မူဝါဒများဖြင့် လူမှုအကာအကွယ် ပေးနိုင်မည်ဆိုပါက ကလေးအလုပ် သမားဖြစ်ပွားမှုကို အကာအကွယ်ပေးလာနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် ယနေ့ရှင်းလင်းဆွေးနွေးမှုအပေါ် အပြန်အလှန် မေးခွန်းများမေးမြန်းခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးတက်များပြားလာစေမည်ဖြစ်ပြီး လူ့ဘောင်ဘဝလက်တွေ့နယ်ပယ်တွင် ပြဋ္ဌာန်း ထားရှိသည့် ဥပဒေများနှင့်အညီ ကာလံ ဒေသံ အဂ္ဃံ ဓနံ ဟူသည့် ဆိုရိုးအတိုင်း မိမိတို့၏ လုပ်ငန်းတာဝန်များကို လက်တွေ့ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ပြောကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက   မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပခြင်းသည် အလွန်ကောင်းမွန်သော ဆောင်ရွက်ချက် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်မှ မြန်မာနိုင်ငံကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကို (၂၃-၇-၂၀၁၉) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက်  အဓိကလူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် လူငယ်၊ လူရွယ်များသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၆၄ နှစ်ရှိ အလုပ်လုပ်နိုင်သောလူဦးရေ အချိုးအစား ၆၅ ဒသမ ၆ ရာခိုင်နှုန်းရှိရာ ထိုအချိန်က “လူဦးရေ ဆိုင်ရာဆုလာဘ်” ကို ရရှိနေခြင်းပင်ဖြစ်ပြီး နှစ်ပေါင်း ၂၀ အတွင်း အကျိုးရှိရှိ အသုံးချနိုင်ပါက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်သည်ဟု သိရှိရပါကြောင်း၊  မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးသည် နိုင်ငံတော်အတွက် အလွန်အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်ပြီး ပညာသင်ယူရမည့်အရွယ်တွင် ပညာကိုသာ အဓိကထားသင်ကြားပေးမှသာ ထူးချွန်ထက်မြက်သော လူငယ်များဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို  တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်  ဝင်ငွေထွက်ငွေများကို မျှတစွာသုံးစွဲ၍ မိမိတို့၏ ရင်သွေး သားသမီးများ ကောင်းမွန်သည့် ပညာရေးရရှိစေရန် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကလေးအလုပ်သမားများ ပပျောက်ရေးအတွက် မိမိတို့ပတ်ဝန်းကျင်တွင် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ကလေးသူငယ်များကို တွေ့ရှိပါက တတ်အားသရွေ့ ဝိုင်းဝန်းကူညီပေးကြရန် ပြောကြားပါသည်။  

ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံးမှ  လက်ထောက်အတွင်းဝန် ဦးကီးလိန်းက ကလေး အလုပ်သမားဆိုင်ရာ အခြေခံအချက်များနှင့် ဥပဒေရေးရာ လုပ်ငန်းကော်မတီ၏  လုပ်ငန်း ဆောင်ရွက်ချက်များရှင်းလင်းပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သဉ္ဇာနိုင်က ကလေးအလုပ်သမားဆိုင်ရာ ဥပဒေကောက်နုတ်ချက် များအား ရှင်းလင်းဆွေးနွေးပါသည်။

ယင်းနောက် တက်ရောက်လာကြသူများနှင့် အပြန်အလှန် မေးခွန်းများ မေးမြန်းဖြေကြားမှုများ ပြုလုပ်ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Image
Image
Image
Image