တိုင်းရင်းသားဘာသာစကားကိုသာ အသုံးပြုသည့် ဒေသများတွင် ဒေသခံဘာသာ စကားဖြင့် မေးမြန်း၍ သန်းခေါင်စာရင်း ကောက်ယူနိုင်ရန်အတွက် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံများက Online စနစ်ဖြင့် တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အစည်း အဝေးကို ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆွေးနွေးဆုံးဖြတ်ချက်ဖြစ်သည့် “တိုင်းရင်းသားဘာသာစကားကိုသာ အသုံးပြုသည့်ဒေသများတွင် ဒေသခံဘာသာ စကားဖြင့် မေးမြန်း၍ သန်းခေါင်စာရင်းကောက်ယူနိုင်ရန် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနမှ ပူးပေါင်းကူညီဆောင်ရွက်ရန်” ဟူသည့်အချက်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊ (၃၀-၈-၂၀၂၄) ရက်နေ့တွင် ဗဟိုသန်းခေါင် စာရင်းကော်မရှင်မှ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် သန်းခေါင်စာရင်းကောက်ယူရာတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနမှ ပူးတွဲတာဝန်ထမ်းဆောင်မည့်သူများ၏ အမည်စာရင်းအား စိစစ်ပေးပို့နိုင်ပါရန် ညှိနှိုင်းလာသည့်အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် နေပြည်တော်နှင့်တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် သန်းခေါင်စာရင်းကောက်ယူရာ၌ တိုင်းရင်းသားဘာသာစကားကိုသာ အသုံးပြုသည့် ဒေသများတွင် တိုင်းရင်းသားဒေသခံ ဘာသာစကားဖြင့် မေးမြန်းကောက်ယူနိုင်ရေးအတွက် စနစ်တကျအလေးထား ပူးပေါင်းပါဝင် ဆောင်ရွက် ပေးနိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီးများနှင့် (၄-၉-၂၀၂၄) ရက်နေ့တွင် ပဏာမညှိနှိုင်း အကြောင်းကြားစာပေးပို့ ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်း သားရေးရာဝန်ကြီးများနှင့် ပေါင်းစပ်ညှိနှိုင်း၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များမှ အားကြိုးမာန်တက် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရေးကိုလည်း (၅-၉-၂၀၂၄) ရက်နေ့တွင် ထပ်မံညှိနှိုင်းအကြောင်းကြားမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ညှိနှိုင်း ဆောင်ရွက်ချက်များအရ တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာ ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများအပါအဝင် ဝန်ထမ်း (၁၀၇)ဦးနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ ပြင်ပပုဂ္ဂိုလ် (၃၂၂)ဦးတို့ဖြင့် အသီးသီး ပါဝင်ပံ့ပိုးနိုင်ရေးညှိနှိုင်းထားရှိပြီးဖြစ်ပါကြောင်း၊ ပြင်ပ (၃၂၂)ဦးသည်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့အသီးသီးတို့၏ အဖွဲ့ခေါင်းဆောင်/ အဖွဲ့ဝင်များသာဖြစ်ပါကြောင်း၊ ၎င်းတို့မှ တစ်ဆင့် တိုင်းရင်းသားဘာသာစာပေသင်ကြားရေး အထောက်အကူပြု Teaching Assistant-TA နှင့် တိုင်းရင်းသားဘာသာစာပေသင် Language Teacher-LT စုစုပေါင်း (၁၈၁၇၆) ဦးဖြင့် ပိုမိုကျယ်ပြန့်စွာ အထောက်အကူပြု ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများက ဆက်လက်ပေါင်းစပ် ညှိနှိုင်းကြီးကြပ်ဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ သက်ဆိုင်ရာ ဒေသအလိုက် တိုင်းရင်းသားဘာသာစကားသာ ပြောဆိုသည့် ဒေသများစာရင်းအား အသေးစိတ်သိရှိရန် လိုအပ်လာမည်ဖြစ်သဖြင့် တိုင်းဒေသကြီး/ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများက ညှိနှိုင်းတာဝန်ယူဆောင်ရွက်နိုင်ရန်နှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီများနှင့်လည်း လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရန် အထူးမေတ္တာရပ်ခံလိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း အထိမ်းအမှတ် ပြည်သူသို့ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် “တစ်နိုင်ငံလုံး၏ စာရင်းအင်းဆိုင်ရာ ကိန်းဂဏန်း အချက်အလက်တွေ တိတိကျကျ မှန်မှန်ကန်ကန် ရရှိနိုင်ရေးဟာ အလွန်ပဲ အရေးကြီးသည်” ဟု ပြောကြားခဲ့သည့် လမ်းညွှန်ချက်နှင့်အညီ အားလုံးကအလေးထား၍ တက်ညီလက်ညီ ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ တိုင်းရင်းသားဘာသာစကားကိုသာ အသုံးပြုသည့် တိုင်းရင်းသားများအတွက် ၎င်းတို့၏ ဘာသာစကားဖြင့် မေးခွန်းများကို သေချာစွာ နားလည်သဘောပေါက်မှသာ မှန်မှန်ကန်ကန် ဖြေဆိုနိုင်မည်ဖြစ်ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် နေရာများမှ ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ရန် အလေးထားစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သန်းခေါင်စာရင်းကောက်ယူမှု၏ မေးခွန်းပါ အချက်အလက်များ မှန်မှန်ကန်ကန်ရရှိမှုသည် အလွန်အရေးကြီးပါကြောင်း၊ ရရှိလာသည့် လုပ်ငန်းစဉ်လိုအပ်ချက်များကို မှန်ကန်စွာ ဆက်လက်အကောင်အထည်ဖော်နိုင်မှသာ ပင်မနိုင်ငံသားများဖြစ်ကြသည့် ပြည်ထောင်စုဖွား မိမိတို့တိုင်းရင်းသားလူမျိုးများအားလုံးအတွက် လိုအပ်သည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ရလာဒ်ကောင်းကို ပိုမိုပြီး စနစ်တကျ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် တိုင်းရင်းသားဘာသာစကားကိုသာ အသုံးပြုသည့် ဒေသများတွင် လူဦးရေနှင့် အိမ်အကြောင်းအရာစနစ်တကျ ကောက်ယူနိုင်ရေးအတွက် နယ်မြေ အနေအထားအရ လိုအပ်သည်များကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် အကြံပြုဆွေးနွေး ပေးကြ စေလိုပါကြောင်း၊ တိုင်းရင်းသားဘာသာစကားဖြင့် ပံ့ပိုးမည့်ဝန်ထမ်းများ၊ သက်ဆိုင်ရာ တိုင်း ဒေသကြီး/ ပြည်နယ်များမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တိုင်းရင်း သားဘာသာစာပေသင် TA LT ဆရာ ဆရာမများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် တာဝန်ရှိသူများအားလုံး စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စေတနာအား စိတ်ဓာတ်ခွန်အားဖြင့် မိမိတို့ တာဝန်ကျနေရာဒေသ၊ နယ်မြေများအလိုက် ပြည်နယ်/တိုင်းဒေသကြီးအကျိုး၊ နိုင်ငံအကျိုးကို တတ်စွမ်းသရွေ့ဝိုင်းဝန်းကူညီ ပံ့ပိုးဖော်ဆောင် ဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားပါသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာများ သန်းခေါင်းစာရင်း ကောက်ယူရသည့် ရည်ရွယ်ချက် များအနေဖြင့် မြန်မာနိုင်ငံ၏ တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ စာရင်း အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိရန်အတွက် လိုအပ်သော စီမံကိန်း၊ မဟာဗျူဟာနှင့် နည်းဗျူဟာများ ချမှတ်နိုင်ရန်ဖြစ်ပါကြောင်း၊ ကော်မတီ အဆင့်ဆင့် ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၂-၈-၂၀၂၄ ရက်နေ့တွင် ကျင်းပသည့် ဗဟိုသန်းခေါင် စာရင်းကော်မရှင်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းရင်းသားဘာသာ စကားကို အသုံးပြုသည့်ဒေသများတွင် ဒေသခံဘာသာစကားဖြင့် မေးမြန်း၍ သန်းခေါင်စာရင်း ကောက်ယူရန်အတွက် တိုင်းရင်သားလူမျိုးများရေးရာဝန်ကြီးဌာနမှ ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်ပေးရန် ဆုံးဖြတ်ချက်အရ သန်းခေါင်စာရင်းကောက်ယူရာတွင် အထောက်အကူပြု ဆောင်ရွက်ရန် နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ပူးပေါင်းပါဝင်ပံ့ပိုးမည့် လူဦးရေ ၄၂၅ ဦးစာရင်းကို ဗဟိုသန်းခေါင်စာရင်းကော်မရှင်သို့ ပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ တိုင်းဒေသကြီး/ ပြည်နယ်ဗဟိုသန်းခေါင်စာရင်း ကော်မတီ များသို့ ထပ်ဆင့် အကြောင်းကြားထားပြီးဖြစ်ပါကြောင်း၊ လူထုလှုံဆော်ရေးအနေဖြင့် တိုင်းရင်း သားစာပေများဖြင့် လက်ကမ်းစာစောင်များလည်း ရိုက်နှိပ်ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာများ သန်းခေါင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်သည် လွန်စွာအရေးပါပြီး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လွတ်လပ်ရေးမတိုင်မီမှစ၍ ဆယ်နှစ်တစ်ကြိမ် သန်းခေါင်းစာရင်းကောက်ယူခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် နောက်ဆုံးကောက်ယူခဲ့သည့် အချက်အလက်များအရ မြန်မာနိုင်ငံလူဦးရေ ၅၈.၄၈၆ သန်း ရှိပါကြောင်း၊ ယခု ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကြိုတင် ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းဇယားများ ပြုစုခြင်း၊ ဆန်းစစ်လေ့လာခြင်းနှင့် အစီရင်ခံစာ ထုတ်ပြန်ခြင်းဟူသည့် အစီအစဉ် (၄)ရပ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာများ သန်းခေါင်းစာရင်း ဥပဒေနှင့် စာရင်းအင်းဥပဒေများကို အသုံးပြုသွားမည်ဖြစ်ပါကြောင်း၊ စာရင်းဇယားများကောက်ယူရာတွင် CAPI စနစ် Mobile Phone/ Tablet ဖြင့် ကောက်ယူသွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာများ သန်းခေါင်းစာရင်းကောက်ယူခြင်းလုပ်ငန်းကို ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ လမ်းညွှန်ချက်နှင့်အညီ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံးက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်း ပါဝင်မှသာ အောင်မြင်မည်ဖြစ်သောကြောင့် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်းစာရင်း ကောက်ကြစို့” ဟု တိုက်တွန်းလိုပါကြောင်း ပြောကြားပါသည်။
ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက လူဦးရေနှင့် အိမ်အကြောင်းအရာများ သန်းခေါင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းသည် အလွန်အရေး ကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆွေးနွေးဆုံးဖြတ်ချက်အရ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအနေဖြင့် နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် သန်းခေါင်စာရင်းကောက်ယူရာ၌ တိုင်းရင်းသားဘာသာစကားကိုသာ အသုံးပြုသည့်ဒေသများတွင် တိုင်းရင်းသားဒေသခံ ဘာသာစကားဖြင့် မေးမြန်း ကောက်ယူနိုင်ရေးအတွက် ကူညီပေးနိုင်မည့် လူဦးရေ (၄၂၅)ဦး စာရင်းကို ဗဟိုသန်းခေါင်းစာရင်းကော်မရှင်းသို့ ပေးပို့ပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများအနေဖြင့် အဆိုပါစာရင်း အတည် ပြုနိုင်ရေးအတွက် ဝိုင်းဝန်ဆွေးနွေးပေးကြစေလိုပါကြောင်း၊ စာရင်းကောက်၊ စာရင်းစစ်များ အဖြစ် ပံ့ပိုးကူညီဆောင်ရွက်ကြမည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအနေဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာများ သန်းခေါင်းစာရင်း ဥပဒေပါ ဥပဒေ ပုဒ်မ ၁၄ ၊ ပုဒ်မ ၁၇၊ ပုဒ်မ ၁၉ တို့အား ဂရုပြုဆောင်ရွက်ကြရန်ဖြစ်ပြီး စာရင်းအင်းဥပဒေကိုလည်း လေ့လာသိရှိထားရန် လိုအပ်ပါကြောင်း၊ သန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကောက်ယူမည်ဖြစ်သည့်အတွက် ၁၀ ရက်ခန့်သာလိုတော့ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူရာတွင် နိုင်ငံတကာ၏ အကူအညီမပါဘဲ မိမိတို့နိုင်ငံ၏ ဘဏ္ဍာငွေအရင်း အမြစ် စွမ်းအားဖြင့်သာ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ရရှိသော အချက်အလက်များသည် သယံဇာတအရင်းအမြစ်များခွဲဝေသတ်မှတ်ခြင်း၊ နယ်မြေဧရိယာ နယ်နိမိတ်များကို ပြန်လည် ဆန်းစစ်နိုင်ခြင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ ချမှတ်ရေးဆွဲခြင်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများ၊ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ စသည့်တို့အတွက် အထောက်အပံ့ ပေးနိုင်ပြီး လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း မဲစာရင်းမှန်ကန်စေရေးကို အထောက်အကူ ဖြစ်စေမည် ဖြစ်ပါကြောင်း၊ နေပြည်တော် ကောင်စီမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ညွှန်ကြားရေးမှူးရုံးများရှိ ဝန်ထမ်းများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များ၊ တိုင်းရင်းသားဘာသာ စာပေ သင်ကြားရေးအထောက်အကူပြု Teaching Assistant-TA နှင့် တိုင်းရင်းသားဘာသာစာပေသင် Language Teacher-LT ဆရာ ဆရာမများအားလုံး သန်းခေါင်းစာရင်းကောက်ယူရေး လုပ်ငန်းများကို မိမိတို့၏ သမိုင်းပေးတာဝန် တစ်ရပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။
၎င်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်က ပြည်ထောင်စုနယ်မြေမြို့နယ် ၈ မြို့နယ်တွင် အတွင်းမှာ စာရင်းကောက်သင်တန်းများကို ၁၇-၉-၂၀၂၄ မှ ၁၈-၉-၂၀၂၄ ရက်နေ့ထိ တစ်ကြိမ်တည်း တစ်ပြိုင်တည်း သင်တန်းပို့ချပြီးဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဒေသခံဘာသာစကားဖြင့် အထောက် အကူပြုနိုင်ရန်အတွက် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်း ၂၆ ဦးနှင့် ပြင်ပပုဂ္ဂိုလ်ဝန်ထမ်း ၂၄ ဦးတို့၏ အမည်စာရင်းများ ပေးပို့ထာပြီးဖြစ်ပါကြောင်း၊ စာရင်းကောက်အဖွဲ့အား အိမ်ထောင်စု များနှင့် အဖွဲ့အစည်းများကို ၁-၁၀-၂၀၂၄ မှစ၍ ၁၅-၁၀-၂၀၂၄ ရက်နေ့အထိ သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တာဝန်ပေးအပ် ထားသည့်ဝန်ထမ်းများနှင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောင်မြင်စွာကောက်ယူနိုင်ရေး အလေးထားပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးများက သန်းခေါင် စာရင်းကောက်ယူရာ၌ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးကြပါသည်။
၎င်းနောက် တက်ရောက်လာသူများက အထွေထွေဆွေးနွေးကြပြီးနောက် ပြည်ထောင်စု ဝန်ကြီးက ခြုံငုံသုံးသပ်၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယနေ့စုပေါင်းဆွေးနွေးချက်မှ ရရှိလာသည့် ဆုံးဖြတ်ချက်(၈)ချက်ရှိပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသို့ အစည်းအဝေး မှတ်တမ်းနှင့် ဆုံးဖြတ်ချက်များကို ဆက်လက်တင်ပြသွားမည်ဖြစ်ပြီး သီးသန့်/ သီးခြား လမ်းညွှန်ချက်များရှိလာပါက အချိန်မီ ဆက်လက်အသိပေးအကြောင်းကြားသွားမည်ဖြစ်ပါ ကြောင်း၊ ၂၀၂၄ ခုနှစ်၊ “လူဦးရေနှင့် အိမ်အကြောင်းအရာများ သန်းခေါင်းစာရင်း” ကောက်ယူ ရေးလုပ်ငန်းသည် နိုင်ငံတော်အတွက် အမျိုးသားလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမများ အားလုံး၏ ညီညွတ်သော စုဖွဲ့မှုပေါင်းစုအင်အားကို ဆက်လက်ရယူပြီး ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များတို့ ညှိနှိုင်းပေါင်းစပ်မှုအားကို ထပ်မံဖြည့်တင်း၍ စစ်မှန်သော အမျိုးသားရေးစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ အခြေခံလျက် နိုင်ငံတော်၏ သမိုင်း မှတ်တိုင်တစ်ခု စိုက်ထူနိုင်အောင် တာဝန်သိသိ၊ သစ္စာရှိရှိဖြင့်လာမည့် ၂၀၂၄ ခုနှစ်၊ “လူဦးရေနှင့် အိမ်အကြောင်းအရာများ သန်းခေါင်းစာရင်း” ကောက်ယူရေး လုပ်ငန်းများကို စေတနာအား၊ စိတ်ဓာတ်ခွန်အားတို့ဖြင့် စည်းလုံးညီညွတ်စွာ အင်တိုက်အားတိုက် ဝိုင်းဝန်ပူးပေါင်းပါဝင် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိပါသည်။