တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြား ပဲခူး ဩဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး 2024-09-03
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့် တာဝန်ရှိ သူများလိုက်ပါလျက် ဩဂုတ်လ (၂၈) ရက်နေ့ ညနေပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ လည်းကောင်း၊ ဩဂုတ်လ (၂၉) ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့လည်းကောင်း ရုံးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့ပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားရေးမှူးရုံးအသီးသီးရှိ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများကိုလည်း အထူးအလေးဂရုပြုလိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများ တို့သည် တိုင်းရင်းသားလူမျိုးများရေးရာလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျမှန်ကန်စွာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန် အရေး(၃)ပါးကို မထိခိုက်စေဘဲ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ကိုအခြေခံလျက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့မှ မျှော်လင့်တောင့်တ နေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ  အစွမ်းကုန်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်  တိုက်တွန်း ပြောကြားခဲ့ပါသည်။

ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောလင်းအောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူးတို့က တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ် များနှင့် တိုင်းရင်းသားဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ရှင်းလင်း တင်ပြခဲ့ပါသည်။

၎င်းနောက် ဝန်ထမ်းများက လုပ်ငန်းလိုအပ်ချက်များကို အထွေထွေဆွေးနွေးတင်ပြ ကြရာ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ တင်ပြချက်များနှင့် ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက် များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

Image