တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် GNE Co., Ltd တို့ ပူးပေါင်းဖွင့်လှစ်သည့် “e-Government ဆိုင်ရာ Firewall Administration User Training (Cyber Security) သင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများ၊ GNE Co., Ltd မှ Branch Office Manager ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ ဒီဂျစ်တယ် ခေတ်တွင် ဆက်သွယ်ရေးစနစ်များနှင့် ICT နည်းပညာများ မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်လာ ခြင်းကြောင့် အကျိုးကျေးဇူးများရှိသကဲ့သို့ တစ်ချိန်တည်းတွင် ဆိုက်ဘာတိုက်ခိုက်မှု၊ ဆိုက်ဘာ ရာဇဝတ်မှုများ စသည့်စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်လာရပါကြောင်း၊ သို့ဖြစ်ရာ ဆိုက်ဘာလုံခြုံရေး အစီအမံများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံတော်မှ ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ မူဝါဒကို ၂၀၂၃ ခုနှစ်၊ မတ်လတွင် ထုတ်ပြန်ခဲ့ပြီး ဥပဒေပြဋ္ဌာန်းနိုင်ရေးကိုလည်း ဆက်လက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရှိ အစိုးရအဖွဲ့အစည်းအသီးသီးတို့၏ e-Government လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရာတွင် ICT Infrastructure များ တည်ဆောက်ခြင်းသည်လည်း အဓိကလိုအပ်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ICT အခြေခံအဆောက်အအုံများ ဖြည့်ဆည်းခြင်းအနေဖြင့် Networking တိုးချဲ့တပ်ဆင်ခြင်း၊ CCTV (16) Channel တပ်ဆင်ခြင်း၊ Website (Web Portal) အသစ်ပြန်လည်ရေးဆွဲခြင်း၊ Internet Bandwidth တိုးချဲ့ခြင်း၊ Networking Device များ ပြုပြင်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ထားရှိခဲ့ပါကြောင်း၊ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဝန်ကြီးဌာန ဆိုက်ဘာလုံခြုံရေးအတွက် GNE Co., Ltd နှင့် ပူးပေါင်း၍ Firewall - FortiGate 101F (Hardware) ကို တပ်ဆင်ထားရှိပြီး ဖြစ်၍ Firewall တပ်ဆင်အသုံးပြု ဆောင်ရွက်ထားရှိမှုများနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အစီအမံများ နှင့်ပတ်သက်၍ သိရှိနားလည်စေရန် ဤသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ သင်တန်းသူ သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချမည့် သင်ခန်းစာများအပေါ် သေချာစွာ လေ့လာ သင်ယူကာ e-Government ပုံရိပ်ကို တိုးမြှင့်ဆောင်ရွက်သွားကြရန်နှင့် မိမိတို့မျှော်မှန်းသည့် Digital အခွင့်အလမ်းများကို အမိအရ ဆုပ်ကိုင်နိုင်ရန်အတွက် ဒစ်ဂျစ်တယ် နည်းပညာများ၏ ခြိမ်းခြောက်မှုနှင့်အန္တရာယ်များ လျော့ပါးလာစေရေးတို့ကို အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားပါသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ယနေ့ခေတ်တွင် နည်းပညာဖွံ့ဖြိုးတိုးတက်လာသည်နှင့် အညီ ဆိုက်ဘာတိုက်ခိုက်မှု၊ ဆိုက်ဘာရာဇဝတ်မှုများ စသည့်စိန်ခေါ်မှုများကိုလည်း ရင်ဆိုင် လာရသဖြင့် Cyber Security သည် အရေးပါလာသောကြောင့် ယခု “e-Government ဆိုင်ရာ Firewall Administration User Training (Cyber Security) သင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ Firewall ဆိုသည်မှာ Organization က ကြိုတင်သတ်မှတ်ထားသော လုံခြုံရေး စည်းမျဉ်းများအပေါ် အခြေခံ၍ အဝင်အထွက် ကွန်ရက်အသွားအလာ (Network Traffic) ကို စောင့်ကြည့်ထိန်းချုပ်သည့် Network Security Device တစ်ခုပင်ဖြစ်ပါကြောင်း၊ Firewall ၏ အဓိကရည်ရွယ်ချက်မှာ ယုံကြည်ရသော အတွင်းပိုင်းကွန်ရက် (Internal Network) နှင့် အင်တာနက်ကဲ့သို့သော ပြင်ပကွန်ရက် (External Network) များအကြားတွင် အတားအဆီး တစ်ခုအဖြစ် တည်ဆောက်ထားခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လုပ်ငန်းခွင်မပျက် သင်တန်းများ ဖွင့်လှစ်ခြင်းဖြင့် ဝန်ထမ်းများအားလုံး ကွန်ပျူတာတတ်ကျွမ်းလာပြီး ရုံးလုပ်ငန်းစီမံခန့်ခွဲခြင်းနှင့် ပြည်သူ့ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများတွင် အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ သင်တန်းမှ ပို့ချခဲ့သည့် သင်ခန်းစာများကို လက်တွေ့နယ်ပယ်တွင် စဉ်ဆက်မပြတ် ပြန်လည်အသုံးချခြင်း အားဖြင့် တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ပိုမိုမြင့်မားလာမည်ဖြစ်ပြီး တတ်ကျွမ်းလာသည့် ပညာရပ်များကို လက်ဆင့်ကမ်းမျှဝေ သွားကြရမည်ဖြစ်ပါကြောင်း၊ ICT ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သည့် ဝန်ထမ်းများ ပိုမိုထွက်ပေါ်လာပါက ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက် များကို အကောင်အထည်ဖော်ရာတွင် ပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်သဖြင့် အထူးကြိုးစား သင်ယူသွားကြရန် အလေးအနက်ထား မှာကြားလိုပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ GNE Co., Ltd မှ Branch Office Manager က သင်တန်းနည်းပြဆရာ များနှင့် မိတ်ဆက်ပေးပြီး Powerpoint ဖြင့် ရှင်းလင်းတင်ပြပါသည်။ ယင်းနောက် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်း နည်းပြဆရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ သင်တန်းကာလမှာ (၃) ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၁၄) ဦး တက်ရောက်ကြကြောင်း သိရှိရပါသည်။