မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)၏ နှစ်(၅၀)ပြည့် ရွှေရတုသဘင် အထိမ်းအမှတ် အခမ်းအနားကျင်းပ
Image

 မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)၏ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာလ (၁၆)ရက်နေ့ နံနက်တွင် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊  ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် မွန်တိုင်းရင်း သားညီအစ်ကိုမောင်နှမများ တက်ရောက်ကြပါသည်။
 ပထမဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) နာယက မိဉဉအောင်နှင့် ဥက္ကဋ္ဌ ဒေါက်တာမင်းခင်စိန်တို့က မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)၏ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။
 ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များသည် ပြည်ထောင်စုခန်းမအတွင်း  မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)၏ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်ပြခန်းကို ကြည့်ရှုအားပေးကြပါသည်။
 အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် မွန်လူမျိုးများသည် သမိုင်းအစဉ်အလာကြီးမားပြီး စာပေ၊ ယဉ်ကျေးမှုနှင့်အနုပညာတို့ကို မြတ်နိုးကြသူများဖြစ်သည့်အပြင် စည်းလုံးညီညွတ်မှုရှိသော လူမျိုးတစ်မျိုးဖြစ်ကြောင်းကို လေ့လာတွေ့ရှိရပါကြောင်း၊ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)၏ နှစ် (၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်အခမ်းအနားကို ယခုလို စည်စည်ကားကားသိုက်သိုက်ဝန်းဝန်း ကျင်းပနိုင်ခြင်းသည် စည်းလုံးညီညွတ်ခြင်းသည်အင်အား (Unity is Strength) ဆိုတာတွေ့ရှိ ရပါကြောင်း၊ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)ကို ယခုလို နှစ်(၅၀)ထိတိုင်အောင် ရာစုနှစ်ဝက်အဖြစ် တည်တံ့ခိုင်မြဲစေဖို့ ကြိုးစားလက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြပြီး ယခင်နှစ်အဆက်ဆက်တာဝန်ယူခဲ့ကြသည့် တာဝန်ရှိသူများနှင့်ကော်မတီဝင်များအားလုံးကို ဂုဏ်ပြုချီးကျူးလိုပါကြောင်း၊ ယခုလို မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဖွွံ့ဖြိုးတိုးတက်စေဖို့  စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်နေကြသည်ကိုတွေ့မြင်ရသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအနေဖြင့် ပါတီ နိုင်ငံရေးနှင့်ဆက်သွယ်မှုမရှိဘဲ မိမိတို့၏စာပေနှင့်ကျဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေး အတွက် ကိုသာဆောင်ရွက်ကြရမည့်အဖွဲ့အစည်းပင်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုများကိုထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ခြင်း ဖြင့် ပြည်ထောင်စုစိတ်ဓါတ်တိုးတက်ခိုင်မာလာစေရန်နှင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန်မှာ မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၏ မျှော်မှန်းချက်ဖြစ်ပြီး ယင်းမျှော်မှန်းချက်အတိုင်းလည်း အားသွန်ခွန်စိုက် ဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကိစ္စရပ်များ ထိန်းသိမ်းမြှင့်တင်ရာမှာ လိုအပ်သည့်အကူအညီများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး များမှသော်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများမှ တစ်ဆင့်သော်လည်းကောင်း၊ မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန (ရုံးချုပ်)သို့ သော်လည်းကောင်း လိုအပ်သည့်အကူအညီများကို တင်ပြတောင်းခံနိုင်ပါကြောင်း၊ မွန်စာပေ နှင့်ယဉ်ကျေးမှု (ရန်ကုန်)ကို ယခုနှစ် (၅၀)ပြည့် ရွှေရတုမှသည် နောင်ထာဝရ နှစ်ရှည်ထိတိုင် တည်မြဲအောင်တည်ဆောက်ပြီး စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာများဖွံ့ဖြိုး တိုးတက်အောင် အောင်အောင်မြင်မြင်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရန် ဆုမွန်ကောင်း တောင်းပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းတွင် နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၀) ကျော်သည် စည်းလုံးညီညွတ်မှုရှိရန်လိုအပ်ပါကြောင်း၊ တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်မှုရှိမှ တိုင်းပြည်ငြိမ်ဝပ်ပိပြားပြီး တိုင်းပြည် အေးချမ်းသာယာမည်ဖြစ်ပါကြောင်း၊ တိုင်းပြည်အေးချမ်းသာယာမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရေးနှင့် အေးချမ်းသာယာမှုမှသည် ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းဦးတည်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
 ၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကား ပြောကြားရာတွင် လူမျိုးတစ်မျိုး တည်တံ့ခိုင်မြဲဖို့သည် ဘာသာ၊ စကား၊ စာပေ တို့မပျောက်ပျက်ရန် အလွန်အရေးကြီးပါကြောင်း၊ စကား၊ စာပေ ပျောက်ကွယ်လျှင် လူမျိုးပါပျောက်ကွယ် သွားမည်ဖြစ်ပြီး မိမိတို့လူမျိုးမပျောက်ပျက်စေရန် ဘာသာစကား၊ စာပေနှင့်ယဉ်ကျေးမှုတို့ကို ထိန်းသိမ်းစောင့်ရှောက်ကြရန် အရေးကြီးလှပါကြောင်း ပြောကြားခဲ့ပါသည်။
 ၎င်းနောက် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်) ဂုဏ်ထူး‌ဆောင်နာယက နိုင်ချစ်ဖေက ဝမ်းမြောက်စကားပြောကြားပြီး  မွန်စာပေနှင့်ယဉ်ကျေးမှု (ရန်ကုန်) နှစ်(၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမင်းခင်စိန်က ရွှေရတုသဘင်ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးက မွန်စာပေနှင့်ယဉ်ကျေးမှု (ရန်ကုန်) နှစ်(၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်အခမ်းအနားအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဒေါက်တာမင်းခင်စိန်တို့က  ၁၉၇၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နှစ်(၅၀)အတွင်း မွန်စာပေနှင့်ယဉ်ကျေးမှု (ရန်ကုန်)တွင် တာဝန်ထမ်းဆောင် ခဲ့ကြသည့် ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများအား ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြကာ  စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူး ခဲ့ပါသည်။ ထို့နောက် မွန်ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

Image