ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရန် ရည်ရွယ်၍ အသိပညာပေးစာပေ ဟောပြောပွဲကို တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အ.ထ.က(ဖဲကတာ)ကျောင်း၌ ဩဂုတ်လ(၂၁) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းသားလူငယ်များအား အသိ ပညာရရှိစေရန် ရည်ရွယ်၍ “လူငယ်နှင့်စာပေယဉ်ကျေးမှု” အကြောင်းအရာကို ရှင်းလင်းပြောကြားခဲ့ပါ သည်။ ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက “လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက “လူငယ်နှင့်ပတ်ဝန်းကျင် ချစ်စိတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဘားအံမြို့နယ်ဦးစီးမှူး ဒေါ်နော်အောလျဖောက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ် စာကြည့်တိုက် ဖောင်ဒေးရှင်းအသင်းမှ ဆရာကြီး ဦးသန်းအောင်က “လူငယ်နှင့်ဗလငါးတန်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးအသီး ဟောပြောခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်ပြီး ဟောပြောပို့ချမှုအပေါ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စိတ်ပါဝင်စားမှုရှိ၊ မရှိ ဉာဏ်စမ်းမေးခွန်းများဖြင့် အမေး၊အဖြေများ ပြုလုပ်ခဲ့ကြပါသည်။
ထို့နောက် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲသို့ ဌာနဆိုင်ရာမှ ဖိတ်ကြားထားသူများ၊ အ.ထ.က(ဖဲကတာ)ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၃၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။