တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ်တိုင်းရင်းသားစင်တာ၌ ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားစေရန်အတွက် အသက်မွေးဝမ်းကြောင်း ပညာသင်တန်းများ ဖွင့်လှစ်ပို့ချရန်၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးထမ်းများကို အချင်းချင်းဖလှယ်နိုင်ရန်၊ တိုင်းရင်းသားများ၏ ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက်အကူပြုစေရန်၊ မဲခေါင်ဒေသတွင်း နိုင်ငံများအတွင်း ဖွံ့ဖြိုးတိုးတက်မှုကွာဟချက် ကိုလျှော့ချရန် ရည်ရွယ်ချက်များဖြင့် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်လျက်ရှိပါသည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာကို ဖွင့်လှစ်တည်ထောင်၍ မော်တော်ဆိုင်ကယ်စက်ပြင်၊ အခြေခံကွန်ပျူတာ၊ Bakery & Snack မုန့်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာ၊ လူသုံးကုန် အမျိုးမျိုးထုတ်လုပ်မှုနည်းပညာနှင့်ကွန်ပျူတာအဆင့်မြင့် ပြုပြင်ထိန်းသိမ်းခြင်းစသည့် သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။
အေးသာယာမြို့ရှိ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာအစည်အဝေးခန်းမ၌ ကွန်ပျူတာအဆင့်မြင့်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲနှင့် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း (၅/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ကွန်ပျူတာအဆင့်မြင့်ပြုပြင် ထိန်းသိမ်းနည်းသင်တန်းကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်၍ ယခုသင်တန်းစင်တာမှ ဖွင့်လှစ်ပေးခဲ့သည့် သင်တန်းများကို ပြန်လည်အသုံးချနိုင်စေရန်နှင့် သက်ဆိုင်ရာဌာနရှိ ဝန်ထမ်းများအနေဖြင့် ဌာနရှိကွန်ပျူတာများကို ပြုပြင်ထိန်းသိမ်းနိုင်ရန် ပြင်ပမှသင်တန်း သားများအနေဖြင့်လည်း လက်တွေ့အသုံးချနိုင်ရန် ရည်ရွယ်ပါကြောင်း၊ E-Government စနစ်လည်ပတ်နိုင်စေရေးအတွက် ကွန်ပျူတာများသည် မရှိမဖြစ်လိုအပ်ပါကြောင်း၊ သင်တန်းဆရာများမှ ပို့ချလိုက်သည့်သင်ခန်းစာကို သေချာစွာလေ့လာမှတ်သားရန် မျှော်လင့်ပါကြောင်းနှင့် မမေ့မလျော့ပဲဆက်လက် အသုံးချစေလိုကြောင်း၊ မော်တော်ဆိုင်ကယ် စက်ပြင်သင်တန်းနှင့်ပတ်သက်၍ ပြောကြားလိုသည်မှာ မော်တော်ဆိုင်ကယ်သည် သယ်ယူ ပို့ဆောင်ရေးကဏ္ဍတွင် ယခုဖွင့်လှစ်မည့်သင်တန်း၌ လက်တွေ့ဆောင်ရွက်သည့် လုပ်ငန်းများတွင် သင်တန်းသားများမှကိုယ်တိုင်ဆောင်ရွက်ရန်လိုကြောင်း၊ သို့မှသာ ပြန်လည်အသုံးချနိုင်မည်ဖြစ်ပါသဖြင့် လေ့လာအားထုတ်ရန် တိုက်တွန်းလိုပါကြောင်း၊ ယခင်ဖွင့်လှစ်သည့် သင်တန်းများသို့ တက်ရောက်ခဲ့သည့် သင်တန်းသားများမှ တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေသည်ကို တွေ့ရှိရပါကြောင်း သင်တန်းအားပြီးဆုံးအောင် တက်ရောက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းဆင်းလက်မှတ်များကို ချီးမြှင့်ပေးအပ်ခြင်း၊ သင်တန်းဆင်း သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူတင်စကားပြောကြားခြင်း၊ သင်တန်းတက်ရောက်မည့် သင်တန်းသားသင်တန်းသူများမှ အသီးသီးမိတ်ဆက်စကား ပြောကြားခြင်းတို့ဆောင်ရွက်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။
အဆိုပါ ကွန်ပျူတာအဆင့်မြင့်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း(၁/၂၀၂၄)ကို (၅-၈-၂၀၂၄) ရက်နေ့မှ (၁၄-၈-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့ပြီး တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ရှမ်းပြည်နယ်အတွင်းရှိ ပအိုဝ်း၊ ဓနု၊ ကချင်နှင့် လားဟူစသည့် တိုင်းရင်းသား မျိုးနွယ်စုမှ သင်တန်းသူ/သားများ စုစုပေါင်း(၂၀) ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားခဲ့ပြီး မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းအမှတ်စဉ် (၅/၂၀၂၄)တွင် သင်တန်းသား စုစုပေါင်း (၂၀) ဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။
အဆိုပါသင်တန်းစင်တာတွင် သင်တန်းများကိုဖွင့်လှစ်ပေးခဲ့ရာ သင်တန်းသား သင်တန်းသူ (၂၄၀) ဦးအား ဖွင့်လှစ်သင်ကြားမွေးထုတ်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။