တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် ၂၀၂၄−၂၀၂၅ ခု ဘဏ္ဍာရေးနှစ် တိုင်းရင်းသား ကျေးရွာအဆင့်မြှင့်တင်ရေးလုပ်ငန်းများတွင် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီလုပ်ငန်းရှင်များ၊ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက တင်ဒါအောင်မြင်သည့်ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများကို စေတနာထား၍ဆောင်ရွက်ကြရန် နိုင်ငံတော်ဘဏ္ဍာဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက် နေစဉ်တွင် လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံ့ဝန်ထမ်းများပင်ဖြစ်၍ လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဌာနဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ဝန်ထမ်းများအနေဖြင့် နိုင်ငံဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ အမိန့်ညွှန်ကြားချက်များလိုက်နာကြရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ ဝန်ထမ်း များသည် ဝန်ထမ်းရေးရာ ကိစ္စရပ်များအား အစဉ်တစိုက်လေ့လာသွားကြရန် မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်း ဆောင်ရွက်လျှက် ရှိသည့် ကပွဲခန်းမအထွေထွေပြုပြင်ခြင်း၊ အုပ်ချုပ်မှုရုံးအဆောက်အအုံဆေးသုတ်ခြင်း၊ ပြည်ထောင်စု ခန်းမအထွေထွေပြုပြင်ခြင်း၊ ဆိပ်ခံဗောတံတားအဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများနှင့် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် သီးပင်စားပင်များစိုက်ပျိုးထားရှိသည့် စိုက်ခင်းအခြေအနေ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က (၁/၂၀၂၄) Keyboard အခြေခံအတီးသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပြီး သင်တန်းသား/သူ (၁၄) ဦးတို့အား သင်တန်းဆင်း လက်မှတ်ပေးအပ်ခဲ့ကာ သင်တန်းသား/သူများမှ သင်တန်းတွင် သင်ကြားခဲ့သည့် တေးသီချင်းများဖြင့် တီးခတ်ဖျော်ဖြေ တင်ဆက်ခဲ့ကြပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အမျိုးသားအားကစားပွဲတော်တွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့်အမျိုးသား ဘောလုံးအသင်း လေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှု၍အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။