ရန်ကုန်မြို့၌ ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ ဩဂုတ်လ ၁၉ ရက်နေ့ နေ့လယ်ပိုင်း၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် ရန်ကုန်တိုင်းဒေသကြီးရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများ၊ ရခိုင်လူမှုရေးအသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးဦးဇော်အေးမောင်က ကမ္ဘာ့ပထဝီနိုင်ငံရေး၊ မြန်မာ့ ပထဝီနိုင်ငံရေး၊ လက်ရှိ ကမ္ဘာ့ပထဝီနိုင်ငံရေးများက မြန်မာနိုင်ငံအပေါ် သက်ရောက်မှုများ၊ အဆိုပါ သက်ရောက်မှုအပေါ် တိုင်းရင်းသားများက စည်းလုံးညီညွတ်စွာဖြင့် အမျိုးသားအကျိုးစီးပွားကို ရှေ့ရှု၍ ဆောင်ရွက်သွားရန်၊ အောက်တိုဘာလ(၁)ရက်နေ့ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ကို အခြေခံ၍ နိုင်ငံတော်က ဆောင်ရွက် နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန် ပူးပေါင်းဆောင်ရွက်နိုင်ကြရန်၊ အသင်းအဖွဲ့များ မှတ်ပုံတင်ရေးဥပဒေနှင့်အညီ မိမိတို့၏အသင်းအဖွဲ့များကို ပြန်လည်မှတ်ပုံတင် နိုင်ရေးတို့ကို ဆွေးနွေးပြောကြားပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများက တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်မှုအခြေအနေနှင့် လိုအပ်သည်များအား တင်ပြကြရာ ဒုတိယဝန်ကြီးက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တိုင်းရင်းသားများ၏ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးစသည့် တိုင်းရင်းသားရေးရာကိစ္စရပ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ် ကွပ်ကဲမှုဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံ့တာဝန်များအား ထမ်းဆောင်သွားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။