တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment-CRA) နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ နေပြည်တော် ဩဂုတ် ၁၅
နေပြည်တော် 2024-08-16
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့် မျှော်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ်ဖြစ်ပေါ်လာစေရေးနှင့် ဝန်ထမ်းများ အဂတိတရားကင်းရှင်းစွာဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်စေရေးအတွက်  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပူးပေါင်း၍ အဂတိ လိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment-CRA) နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ သင်တန်းနည်းပြ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် အရာထမ်း အမှုထမ်းများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကား ပြောကြား ရာတွင် ယခုကဲ့သို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပူးပေါင်း၍ အဂတိလိုက်စား နိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment-CRA) နည်းပညာ သင်တန်းပို့ချခြင်းအားဖြင့် အစိုးရဌာန၊ အဖွဲ့အစည်းများ၊ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် အဂတိ လိုက်စားမှု ဖြစ်မြောက်နိုင်သည့်ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မည်ဖြစ်ပါ ကြောင်း၊ အဂတိလိုက်စားမှုသည် “ကိုယ်ကျင့်တရား ပျက်ယွင်းခြင်း” တစ်နည်းအားဖြင့် အကျိုး အမြတ်တွက်ချက်ပြီး ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ် အသီးသီးတွင် ပုံစံမျိုးစုံဖြင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှုကျူးလွန်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရစေမည့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေမည်ဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့် အထူးသတိပြု ရှောင်ကြဉ်ရန်လိုအပ်ပါကြောင်း၊ အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါက လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်း ဟူသော လောကပါလ တရား (၃)ပါးနှင့်အညီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊  “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်သည်” ဆိုသည့်စကားနှင့်အညီ အဂတိ လိုက်စားမှုများ ပေါ်ပေါက်လာမှ စုံစမ်းစစ်ဆေး အရေးယူခြင်းထက် အဂတိလိုက်စားမှုများ မဖြစ်မီကတည်းက ကြိုတင်တားဆီးကာကွယ်ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး (Corruption Prevention Unit - CPU) များကို ဌာနစိတ်၊ ဌာနစု၊ ဌာနခွဲအလိုက် ဖွဲ့စည်းပြီး အဂတိလိုက်စားမှုများ လျော့နည်းပပျောက်ရေး အတွက် ညွှန်ကြားချက်များနှင့်အညီ အထူးကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသူ သင်တန်းသားများအနေဖြင့် ယခုပို့ချချက်များမှ ရရှိလာသည့် အသိအမြင် ဗဟုသုတများကို မှတ်သားလိုက်နာ၍ မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ကြရန်နှင့် မိမိမှစ၍ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ အဂတိလိုက်စားမှုကို ငြင်းဆန်ရန် တိုက်တွန်းလိုပါကြောင်း၊ အဂတိ တရားကင်းရှင်းပြီး နိုင်ငံတော်နှင့် ပြည်သူများအား အကျိုးပြုမည့် ဝန်ထမ်းကောင်းများ ဖြစ်ကြပါစေကြောင်း တိုက်တွန်းပြောကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကမ္ဘာ့နိုင်ငံများတွင် ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲ နှင့် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသော နိုင်ငံများဟူ၍ရှိပါကြောင်း၊ အဂတိလိုက်စားမှုကင်းရှင်းမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ပါက အဂတိလိုက်စားမှု ကင်းရှင်းမည်ဖြစ်ရာ အဂတိလိုက်စားမှုကင်းရှင်းခြင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ခြင်းသည်  အပြန်အလှန် အမှီသဟဲပြု‌နေပါကြောင်း၊ အဂတိလိုက်စားမှုသည် တာဝန်နှင့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုလုပ်ခြင်းမှ ပေါ်ပေါက်လာခြင်းဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများကြောင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေပြီး ပြည်သူလူထု၏ ယုံကြည်မှုလျော့ကျ စေနိုင်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊  လုပ်ထုံးလုပ်နည်းများ၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း (၃၅/၂၀၁၇)၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေတို့ကို သိရှိလေ့လာထားခြင်းဖြင့် အဂတိလိုက်စားခြင်းကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရှောင်ကြဉ်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ခြင်းဖြင့် အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာမည်ဖြစ်ပြီး ဝန်ထမ်းများ၏ အနာဂတ်ကာလများတွင်ပါ အဂတိလိုက်စားမှုများ ဆက်လက်မပေါ်ပေါက်စေရေးအတွက် တားမြစ်သွားနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ အဂတိလိုက်စားမှုကင်းရှင်းပါက အစိုးရဌာနများ၊ အဖွဲ့အစည်းများ ဖွံဖြိုး တိုးတက်မည်ဖြစ်ပြီး အစိုးရဌာနများ၊ အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မည်ဖြစ်သဖြင့် သာယာဝပြောသည့် နိုင်ငံတော်၏အသီးအပွင့်များကို တိုင်းရင်းသား ပြည်သူများ ရရှိခံစားကြရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

ထို့နောက် သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ကြပါသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်း နည်းပြ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါသင်တန်းသို့ အရာထမ်း သင်တန်းသား၊ သင်တန်းသူ (၁၅) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၂) ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။


Image
Image
Image