ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရန် ရည်ရွယ်၍ အသိပညာပေးစာပေ ဟောပြောပွဲကို တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ ဩဂုတ်လ (၉) ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အ.ထ.က(ခွဲ) ကမော့ကစင် ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေး က လူငယ်နှင့်စာဖတ်ခြင်း အကျိုးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက “လူငယ်နှင့်ပတ်ဝန်းကျင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နော်အော်လျဖောက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းအသင်းမှ ဆရာကြီး ဦးသန်းအောင်က “လူငယ်နှင့်ဗလငါးတန်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးအသီး ဟောပြောခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများမှ ပြန်လည် ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ဟောပြောပို့ချခဲ့သည့် ဆရာ၊ ဆရာမများနှင့် ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲသို့ ဌာနဆိုင်ရာမှ ဖိတ်ကြားထားသူများ၊ အ.ထ.က(ခွဲ)ကမော့ကစင်ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၂)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။