ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးတို့အတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို မိမိတို့၏အသက်ကို ပဓာနမထားပဲ ရဲရင့်စွာ စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်ပြည်သူများနှင့် ဝန်ကြီးဌာနဝန်ထမ်းမိသားစုများက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိသည်။
ထိုသို့ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများက စာနာမှု၊ စေတနာ၊ မေတ္တာ ပြည့်ဝစွာဖြင့် စုပေါင်းချက်ပြုတ်ကြော်လှော်ကြပြီး စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေး စိတ်အားထက်သန်စွာဖြင့် ပြင်ဆင်ဆောင်ရွက် ထုပ်ပိုးနေမှုများကို ပြည်ထောင်စုဝန်ကြီးJeng Phang နော်တောင်နှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့ လိုက်လံကြည့်ရှုအားပေးသည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငါးနီတူ အသားတု မြေပဲ ဘာလချောင်ကြော်၊ ငါးနီတူ ပဲပုပ် ဘာလချောင်ကြော်၊ ကော်ဖီ/လက်ဖက်ရည်ထုပ်၊ ကောင်းသန့်ဆန်ပြုတ်ထုပ်၊ မားမားခေါက်ဆွဲခြောက်ထုပ်၊ အသင့်စားဇလုံကြီးချဉ်ပေါင်ကြော်၊ ရှမ်းရွှေတောင်ရှူးရှဲလက်ဖက်၊ ဘုရင်ဘီစကစ်၊ Love သကြားလုံး၊ ကျောက်ဆူး ဆေးပေါ့လိပ်များကို ပေးပို့လှူဒါန်းသွားမည်ဖြစ်သည့်အပြင် ဝန်ကြီး ဌာနမှ အရာထမ်း၊ အမှုထမ်းများက ရှေ့တန်းရောက် တပ်မတော်သားများ စိတ်ဓာတ်ခွန်အား တက်ကြွစေရန် “တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် တိုက်ပွဲဝင် နေသော ပြည်ချစ်စစ်သည်များ၏ တရားသောစစ် မုချအောင်ရမည်”၊ “လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်ဖြင့် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေသော တပ်မတော်သားများအားလုံး ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားများ၏ ဂုဏ်ကျေးဇူးတော်ကြောင့် ကျန်းမာပါစေ၊ ဘေးအန္တရာယ် ကင်းရှင်းပါစေ၊ ဆင်နွှဲသည့်စစ်ပွဲတိုင်းအောင်မြင်ကြပါစေ” အစရှိသည့် ဆုတောင်းမေတ္တာစာလွှာ များကို ရေးသားထည့်သွင်းခဲ့ကြပြီး ငွေကျပ် ၅၇,၀၀,၀၀၀ိ/- (ကျပ် ငါးဆယ့်ခုနှစ်သိန်းတိတိ) တန်ဖိုးရှိ စားသောက်ဖွယ်ရာ (၁၀) မျိုးပါဝင်သော အထုပ်ပေါင်း (၅၀၀) နှင့် လှူဒါန်းငွေကျပ် ၄၂,၀၀,၀၀၀ိ/- (ကျပ် လေးဆယ့်နှစ်သိန်းတိတိ)၊ စုစုပေါင်းငွေကျပ် ၉၉,၀၀,၀၀၀ိ/- (ကျပ် ကိုးဆယ့်ကိုးသိန်းတိတိ) တန်ဖိုးရှိသည့် အလှူငွေနှင့် စားသောက်ဖွယ်ရာများကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့ သွားရောက်ပေးပို့လှူဒါန်းခဲ့ကြပါသည်။
အဆိုပါ စားသောက်ဖွယ်ရာများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ မော်တော် ယာဉ်များဖြင့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ် အရောက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။