တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ ကရင်ပြည်နယ်အတွင်း နေထိုင်ကြသော ဒေသခံတိုင်းရင်းသား လူမျိုးများ တိုင်းရင်းသားရေးရာ အသိပညာတိုးပွားစေရန်နှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ “တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်” ကို ၂၆-၇-၂၀၂၄ ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကမော့ကချူးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ စာသင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ဒေသခံ တိုင်းရင်းသားလူမျိုးများ သိရှိစေရန် အသိပညာပေးရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဦးစိုင်းရန်နောင်က ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကိစ္စရပ် များကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်စိုးသူက ပလပ်စတစ်ညစ်ညမ်းမှု အန္တရာယ်ကိစ္စရပ်များကို လည်းကောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ရပ်ရွာ အခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကို ကောက်ယူခဲ့ရာ ဒေသခံ တိုင်းရင်းသား (၁၀၀) ဦး ဖြေဆိုခဲ့ကြပါသည်။