တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ “Computer Repair and Maintenance သင်တန်း (၁/၂၀၂၄)” သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူသားတိုင်းသည် ပညာကို မွေးကင်းစအရွယ်မှစ၍ ဘဝတစ်သက်စာ လေ့လာသင်ယူခြင်းဖြင့် ရှင်သန်နေထိုင်ကြရပါကြောင်း၊ လေ့လာသင်ယူခြင်းသည် ကျွမ်းကျင်တတ်မြောက်စေရေးအတွက် ပထမဦးဆုံး ခြေလှမ်းပင်ဖြစ်ပြီး ထိုမှတစ်ဆင့် ဒုတိယခြေလှမ်းဖြစ်သည့် လေ့ကျင့်မှုများကို ပြုလုပ်ကြရပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချလိုက်သည့် နည်းပညာရပ်များကို အသုံးပြု၍ ကိုယ်တိုင် ကိုယ်ကျ လက်တွေ့လေ့ကျင့်မှုများကို စဉ်ဆက်မပြတ် ဆက်လက် လုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း၊ ယနေ့ခေတ်တွင် ကွန်ပျူတာပညာရပ်သည် လူမှုစီးပွားရေး ဆောင်ရွက်မှုတိုင်းအတွက် မရှိမဖြစ်အရေးပါသော ခေတ်မီ နည်းပညာရပ်တစ်ခုဖြစ်သဖြင့် ဝန်ထမ်းများ အားလုံး လေ့လာဆည်းပူးထားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ဌာန၊ ဌာနခွဲ၊ ဌာနစု၊ ဌာနစိတ်များ၌ အသုံးပြုနေသည့် ကွန်ပျူတာများကို ပုံမှန်စစ်ဆေးပြီး ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်သွားကြရန်နှင့် တစ်စုံတစ်ရာ ချို့ယွင်းမှုရှိလာသည့်အခါ သင်တန်းမှလေ့လာသိရှိခဲ့သော ပညာရပ် များကို ပြန်လည်အသုံးချမည်ဆိုပါက ပြင်ပမှဝန်ဆောင်မှုများ မလိုအပ်သဖြင့် ဌာနလုံခြုံရေး ကောင်းမွန်စေခြင်းနှင့် နိုင်ငံတော်ဘဏ္ဍာငွေကို ခြိုးခြံချွေတာရာရောက်ပြီး ရုံးလုပ်ငန်းများကို အချိန်မီ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ICT (Information and Communication Technology) ကို အသုံးချ၍ စွမ်းဆောင်ရည်ပြည့်ဝသော၊ ဖန်တီးနိုင်စွမ်းရှိသော ဝန်ထမ်းကောင်းများ ဖြစ်လာစေရေး ကြိုးစားကြစေလိုပါကြောင်း၊ မိမိတို့၏စွမ်းဆောင်ရည်များ မြင့်မားတိုးတက်စေခြင်းဖြင့် နိုင်ငံတော်နှင့် ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်၊ မျှော်မှန်းချက်၊ မူဝါဒနှင့် ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင်လည်း အထောက်အပံ့ကောင်းများ ရရှိစေနိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ခြင်း၏ အခြေခံအနေဖြင့် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ မရှိမဖြစ်လိုအပ်ပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များတွင် ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာရှိသော၊ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသော၊ အားကိုးအားထားပြုနိုင်သော စွမ်းဆောင်ရည်မြင့်မားသည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရေး အထူးကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား ပါသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ယနေ့ IT (Information Technology) ခေတ်တွင် နည်းပညာများ တိုးတက်ထွန်းကားလာနှင့်အညီ ကွန်ပျူတာသည် ရုံးလုပ်ငန်းများတွင်သာမက ပြင်ပစီးပွားရေး လုပ်ငန်းများအတွက်ပါ မရှိမဖြစ် အသုံးဝင်လာသဖြင့် ကွန်ပျူတာနှင့်ဆက်စပ် သည့် နည်းပညာများကို သိရှိတတ်ကျွမ်း နားလည်ရုံမျှသာမက စနစ်တကျ ပြုပြင်ထိန်းသိမ်း တတ်ရန်လည်း အထူးပင်လိုအပ်လှပါကြောင်း၊ ယခုသင်တန်းမှ မိမိတို့လေ့လာသင်ယူခဲ့ရသည့် ကွန်ပျူတာ ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ ပညာရပ်များကို တာဝန်ကျရာဒေသများရှိ လုပ်ဖော် ကိုင်ဖက်များအား ပြန်လည်မျှဝေ သင်ကြားပေးခြင်းဖြင့် မိမိတို့ကိုယ်တိုင်လည်း ပိုမိုနားလည်သိရှိ နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်တို့ဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားပါသည်။
ဆက်လက်၍ သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များနှင့် ထူးချွန်ဆုများကို လည်းကောင်း ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က အသီးသီး ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။