တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့်အဖွဲ့သည် ယနေ့ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများအလိုက် ဝန်ထမ်းများအတွက် ခွဲဝေချထားပေးသော နိုင်ငံတော်ပိုင် တိုက်ခန်းများတွင် နေထိုင်ခွင့်ရရှိသူများအနေဖြင့် အိမ်ရာ ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်မှု ရှိ မရှိ၊ ချမှတ်ထားသော အိမ်ရာများတွင် နေထိုင်ခြင်း ရှိ မရှိ၊ နေအိမ်ခန်းများတွင် အိမ်ထောင်စုစာရင်းအတိုင်း နေထိုင်ခြင်း ရှိ မရှိနှင့် မသက်ဆိုင် သူများ နေထိုင်မှုမရှိစေရေးတို့အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပိုင် ဇဗ္ဗူ သီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်အတွင်းရှိ အရာထမ်း၊ အမှုထမ်း အိမ်ရာ တိုက်အမှတ် (၂၂၁၆)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပါသည်။
ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းအိမ်ရာများတွင် ရေ၊ မီး ရရှိမှု အခြေအနေ၊ LED မီးတပ်ဆင်ထားရှိမှုအခြေအနေ၊ အဆောက်အဦ ကြံ့ခိုင်မှုအခြေအနေ များ၊ အိမ်ထောင်စုစာရင်းအတိုင်း နေထိုင်မှု ရှိ မရှိ အခြေအနေနှင့် အိမ်ရာပတ်ဝန်းကျင်ရှိ သီးပင်စားပင်များ စိုက်ပျိုးထားရှိမှုူ အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အိမ်ရာများတွင် နေထိုင်ကြသော အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိတို့ တိုက်ပတ်ဝန်းကျင် သန့်ရှင်းရေးကို နေ့စဉ်/ အပါတ်စဉ်အလိုက် ပူးပေါင်းဆောင်ရွက်ရန်၊ ရေနုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေး စုပေါင်းဆောင်ရွက်ကြရန်၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်၊ ဝန်ထမ်းအိမ်ရာ စည်းကမ်းများနှင့်အညီ နေထိုင်ကြရန်၊ လျှပ်စစ်မီး လုံခြုံရေးနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေတွင် မည်သို့ပြုမှု ဆောင်ရွက်ရန်၊ အိမ်ရာ ပတ်ဝန်းကျင်ရှိ မြေလွတ် မြေလပ်များတွင် သီးပင်စားပင်များ စိုက်ပျိုးထားရှိကြရန်တို့ကို မှာကြားပါသည်။ ထို့နောက် တိုက်ခန်းနေမိသားစုများအား လိုအပ်ချက်များ မေးမြန်းရာ သက်ဆိုင်ရာ တိုက်တာဝန်ခံများက လိုအပ်ချက်များကို တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သတင်း ရရှိပါသည်။