တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆွေးနွေးပွဲတက်ရောက်ခဲ့ကြသူများ၏ အတွေ့အကြုံမျှဝေရှင်းလင်းပွဲ အခမ်းအနားကျင်းပ နေပြည်တော် ဇူလိုင် ၁၁
နေပြည်တော် 2024-07-11
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် မေလအတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်၍ ဆွေးနွေးပွဲ တက်ရောက်ခဲ့ကြသူများ၏ အတွေ့အကြုံ မျှဝေ ရှင်းလင်းပွဲအခမ်းအနားကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်း များက Online စနစ်ဖြင့်  တက်ရောက်ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနမှ အရာထမ်းများအား နိုင်ငံတကာ အတွေ့အကြုံကောင်းများရရှိ စေရေး၊  ဝန်ထမ်းများ၏  စွမ်းဆောင်ရည် မြင့်မားလာပြီး အရည်အသွေးများ ပြည့်ဝလာစေရေး တို့အတွက် နိုင်ငံတကာသို့ ဆွေးနွေးပွဲများ၊ သင်တန်းများ၊ လေ့လာရေးခရီးစဉ်များကို ညီညွတ် မျှတစွာ ရွေးချယ်၍ စေလွှတ်လျက်ရှိပါကြောင်း၊ ယနေ့အခမ်းအနားသည် ၂၀၂၄ ခုနှစ်၊ မေလ အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် အရာထမ်းများ၏ အတွေ့အကြုံ မျှဝေရှင်းလင်းပွဲဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အတွေ့အကြုံ မျှဝေရှင်းလင်းသည့် အစဉ်အလာကောင်းများကို ဆောင်ရွက်ခြင်းဖြင့်  မိမိတို့ကိုယ်တိုင်သာမက လုပ်ဖော်ကိုင်ဘက် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားရေးအတွက်လည်း အထောက်အကူပြုနိုင်မည် ဖြစ်ပါ ကြောင်း၊  ဆွေးနွေးပွဲတက်ရောက်ခဲ့ကြသူများအနေဖြင့် မိမိတို့လေ့လာသိရှိခဲ့ရသည့် အတွေ့အကြုံ၊ ဗဟုသုတများကို ဝေမျှရှင်းလင်းရုံမျှသာမက ကိုယ်တိုင် ထိုးထွင်းသိမြင်မှု၊ သုံးသပ်ဆင်ခြင်မှု၊ တီထွင်ဖန်တီးနိုင်မှုတို့ဖြင့် ဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက်  ညီနောင်ဆက်စပ် ဝန်ကြီးဌာနများနှင့်အတူ  ပေါင်းစပ် ညှိနှိုင်းပြီး အထူး ကြိုးစားဆောင်ရွက်သွားကြစေလိုပါကြောင်း၊ ပြည်ပနိုင်ငံများသို့သွားရောက်ရာတွင် အင်္ဂလိပ်စာနှင့် ကွန်ပျူတာကျွမ်းကျင်ခြင်းသာမက သတင်းအချက်အလက်နှင့် နည်းပညာရပ် များကိုလည်း ကျွမ်းကျင်မှုရှိရန် လိုအပ်ပါကြောင်း၊  ကျန်သော ဝန်ထမ်းများအနေဖြင့် ယနေ့ ရှင်းလင်းပြောကြားသည့် အတွေ့အကြုံ၊ ဗဟုသုတများကို ဂရုပြုမှတ်သား လိုက်နာကြပြီး နောင်တစ်ချိန်တွင် ပြည်ပနိုင်ငံများသို့ သွားရောက်ရန် ရွေးချယ်စေလွှတ်ခြင်းခံရပါက နိုင်ငံတကာ နှင့်ရင်ဘောင်တန်း ပါဝင်လှုပ်ရှားဆောင်ရွက်နိုင်ရန်အတွက် မိမိတို့၏ စွမ်းဆောင်ရည်များကို မြင့်မားစေရန် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ အားလုံး မိမိတို့၏ အရည်အချင်း၊ အရည်အသွေး၊ မြင့်မားမှသာ မိမိ၏ ဌာနအကျိုး၊ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတို့အတွက် အကျိုးရလဒ်ကောင်းများ ရရှိစေရေး ဦးတည် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာ စဉ်ဆက်မပြတ် လိုက်နာ၍ ဆတက်ထမ်းပိုး ဆက်လက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့  ဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် အရာထမ်းများသည် နိုင်ငံတော်နှင့် ဝန်ကြီး ဌာနကိုကိုယ်စားပြု သွားရောက်ကြခြင်းဖြစ်ပြီး မိမိတို့လေ့လာသိရှိခဲ့ရသည့် အတွေ့အကြုံ၊ ဗဟုသုတများကို ပြန်လည်မျှဝေခြင်းဖြင့် မိမိတို့ကိုယ်တိုင်လည်း ပိုမိုနားလည် သိရှိစေမည် ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် ရှင်းလင်းပွဲမှ ရရှိလာသည့် ဗဟုသုတ များ၊ အတုယူသင့်သည်များ၊ လေ့လာသင့်သည်များကို မှတ်သား၍ မိမိတို့၏လုပ်ငန်းခွင်တွင် လိုအပ်သလို ဆက်လက်အသုံးချ ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအကျိုး၊ နိုင်ငံတော်အကျိုးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ဖြစ်စေသော အတွေ့အကြုံမျှဝေရှင်းလင်းခြင်း ဖြစ်ပါစေကြောင်း ပြောကြားပါသည်။

၎င်းနောက် ၂၀၂၄ ခုနှစ် မေလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ဒူးမြို့၊ ဝူဟန်မြို့ နှင့် ပေကျင်းမြို့တို့တွင် ကျင်းပခဲ့သည့် “မဲခေါင်-လန်ချန်းဒေသ နိုင်ငံများအကြား တိုင်းရင်းသား ရေးရာကိစ္စရပ်များတွင် ကောင်းမွန်သောအုပ်ချုပ်မှုဆိုင်ရာဆွေးနွေးပွဲ” သို့ တက်ရောက် ခဲ့သည့် ကိုယ်စားလှယ်အဖွဲ့ကိုယ်စား ပြည်ထောင်စုဝန်ကြီးရုံးမှ လက်ထောက်အတွင်းဝန် ဒေါ်အေးမြသိန်းနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သဉ္ဇာနိုင်တို့ကလည်းကောင်း၊ ပေကျင်းမြို့တွင်ကျင်းပခဲ့သည့် “ဖွံ့ဖြိုးဆဲ နိုင်ငံများမှ အမျိုးသမီးအရာထမ်းများ၏ တရုတ်ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆွေးနွေးပွဲ” သို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ရှိုင်းမြမြခက်ကလည်းကောင်း၊ ချန်းရှမြို့တွင် ကျင်းပခဲ့သည့် “မြန်မာနိုင်ငံ အတွက် ရေအရင်းအမြစ် စီမံခန့်ခွဲခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးဆွေးနွေးပွဲ” သို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထူးထူးဝင်းနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းဝတ်ရည် တို့ကလည်းကောင်း ကိုယ်စားလှယ်များအဖြစ် တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ အတွေ့အကြုံ များကို Powerpoint များ၊ Video Clip များဖြင့် အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပါသည်။ 

ယင်းနောက် တက်ရောက်လာကြသူများနှင့် အပြန်အလှန် မေးမြန်းဖြေကြားမှုများ ပြုလုပ်ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

Image
Image
Image
Image