တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဌာနတွင်း အလယ်အလတ်အဆင့်ကွန်ပျူတာသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ နေပြည်တော် ဇူလိုင် ၄
နေပြည်တော် 2024-07-04
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဌာနတွင်း အလယ်အလတ်အဆင့်ကွန်ပျူတာသင်တန်း အမှတ်စဉ်(၂/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြဆရာ/ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာပေါ်၌ သိပ္ပံနှင့်နည်းပညာကဏ္ဍသည် တစ်ရှိန်ထိုး တိုးတက်လျက်ရှိပြီး မည်သည့်ကိစ္စတွင်မဆို နည်းပညာကို အခြေပြု၍ ဆောင်ရွက်လာကြပါကြောင်း၊  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာမြင့်မားရေးသည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ပညာရပ်များအား အနည်းဆုံး အခြေခံအားဖြင့် တတ်မြောက်ထားရန် အထူးလိုအပ်ပါကြောင်း၊ ကွန်ပျူတာနည်းပညာနှင့် ဆက်စပ်သည့် ပညာရပ်များကို ဝန်ထမ်းများအားလုံး စဉ်ဆက်မပြတ် လေ့လာသင်ယူလေ့ကျင့်မှုများ ပြုလုပ်သွား မည်ဆိုပါက စွမ်းဆောင်ရည်၊ အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းကောင်းများ ဖြစ်လာမည်ဖြစ် ပါကြောင်း၊ ထို့အပြင် လူ့စွမ်းအားအရင်းအမြစ်များ စီမံခန့်ခွဲရာ၌ AI (Artificial Intelligent) နည်းပညာများကို အချို့သော ဖွံ့ဖြိုးပြီးနိုင်ငံများ၌ အသုံးပြုနေကြပြီဖြစ်ရာ  မိမိတို့အနေဖြင့်လည်း ဆက်သွယ်ရေး ဥပဒေ၊ နည်းပဒေများနှင့်အညီ အများနည်းတူ ရင်ပေါင်တန်းလိုက်ပါနိုင်ရေး ကြိုးစားရန်လိုအပ်ပါကြောင်း၊ ယခုသင်တန်းမှ သင်ကြားပေးလိုက်သည့် ဘာသာရပ်များကို မိမိတို့လုပ်ငန်းခွင်များတွင် အကျိုးရှိရှိ ပေါင်းစပ်အသုံးပြုသွားရန် မှာကြားလိုပါကြောင်း၊ ထို့အပြင် နည်းပညာအခြေပြု ရုံးလုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင်လည်း တိကျလျင်မြန်မှုနှင့်သတင်းအချက်အလက်လုံခြုံမှုရှိရန် လိုအပ်သဖြင့် အလေးထား ဆောင်ရွက်သွားကြရန်နှင့် e-Government လုပ်ငန်းများတွင်လည်း ဟန်ချက်ညီညီ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဟု မျှော်လင့်ပါကြောင်း၊ သင်တန်းမှပို့ချခဲ့သည့် သင်ခန်းစာများကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ရေးအတွက် အပတ်တကုတ် လေ့လာ ကြိုးစားသွားကြရန်နှင့် ဝန်ထမ်းများအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် အပြန်အလှန် သင်ယူခြင်း၊ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်းများဖြင့် မိမိဘဝတိုးတက်ရေး၊ မိမိဌာနတိုးတက်ရေးမှသည် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအထိ ကျရာကဏ္ဍမှ သယ်ပိုးဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့ခေတ်သည် IT (Information Technology) ခေတ်ဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် ကွန်ပျူတာနှင့်ဆက်စပ်သော နည်းပညာများကို တတ်ကျွမ်းထားရန် လိုအပ်ပါကြောင်း၊ ယခု ကွန်ပျူတာသင်တန်းသည် အလယ်အလတ်အဆင့်ဖြစ်ပြီး ထိုမှတစ်ဆင့် အဆင့်မြင့်သင်တန်းများကိုလည်း ဆက်လက် ဖွင့်လှစ်ပေးရန် လိုအပ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့သင်ယူခဲ့ ရသည့် ပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာအသုံးချခြင်းဖြင့် စွမ်းဆောင်ရည်မြင့်မားသော ဝန်ထမ်းများ ဖြစ်လာမည်ဖြစ်ပြီး မိမိတို့၏ စွမ်းဆောင်ရည်များ မြင့်မားလာစေခြင်းဖြင့် ဝန်ကြီး ဌာန၏ မျှော်မှန်းချက်၊  မူဝါဒနှင့် ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် အထောက် အပံ့ ဖြစ်ပါစေကြောင်း ပြောကြားပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းနည်းပြဆရာ၊ ဆရာမများအား ဂုဏ်ပြု မှတ်တမ်းလွှာများကိုလည်းကောင်း၊ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသား တစ်ဦးအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း ပေးအပ်၍ သင်တန်းတွင် ပထမဆု ရရှိသည့် သင်တန်းသူအား ဆုချီးမြှင့်ပေးအပ်ပါသည်။

၎င်းနောက် ဒုတိယဆုနှင့် တတိယဆုရရှိသည့်   သင်တန်းသူများအား  ဒုတိယဝန်ကြီးက  ဆုချီးမြှင့်ပြီး သင်တန်းသား၊  သင်တန်းသူများကိုယ်စား  ပထမဆုရရှိသည့် သင်တန်းသူက  ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

Image
Image
Image
Image