ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ဇွန် (၂၁)ရက်နေ့ နံနက်ပိုင်းက အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ အခမ်းအနားကို အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက တိုင်းရင်းသားရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပါသည်။
ထို့နောက် ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို (ကသာ)က လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် အထိမ်းအမှတ်အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များကိုလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက ပွဲတော်တွင် ပါဝင်ကူညီခဲ့ကြသော အကအဖွဲ့များ နှင့် ဘင်ခရာအဖွဲ့တို့အတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီး ချီးမြှင့်ခဲ့ကြကာ Grade-4 ကျောင်းသူလေးများ၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကိုလည်း ကြည့်ရှုအားပေးခဲ့ကြပါသည်။
ယင်းနောက် ပန်းချီပြိုင်ပွဲ(အထက်တန်း/အလယ်တန်းအဆင့်) ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာစီ စာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကိုလည်းကောင်း၊ ကလေးများ ဉာဏ်ပညာ တိုးပွားစေမည့် ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်းနှင့် စကားပုံဆက်ခြင်းများကိုလည်းကောင်း၊ ကျောင်းသား/ကျောင်းသူများအတွက် စာအုပ်စာစောင်များပြသခြင်းနှင့် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲ များကိုလည်းကောင်း ဆက်လက်ကျင်းပခဲ့ရာ မြစ်ကြီးနားမြို့ပေါ်ရှိ အမှတ်(၁)နှင့် အမှတ်(၉) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။
အဆိုပါလူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ဝန်ထမ်း များအနေဖြင့် ပန်းချီပြိုင်ပွဲ(အထက်တန်း/အလယ်တန်း) ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကျပန်းစကားပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများတွင် ဒိုင်လူကြီးများအဖြစ်လည်းကောင်း၊ ဉာဏ်စမ်းမေးခွန်းတွင် တိုင်းရင်းသား ရေးရာနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့ပြီး ဖြေဆိုနိုင်သော ကျောင်းသား/ကျောင်းသူများအား ဗလာစာအုပ်နှင့် ဘောပင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။