တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံ၊ သစ်ပင်စိုက်ပျိုးပွဲ၊ ငါးလွှတ်ပွဲနှင့် တိုင်းရင်းသားရိုးရာအကမွမ်းမံသင်တန်းဆင်းပွဲသို့ တက်ရောက် ရန်ကုန် ဇွန် (၃၀)
ရန်ကုန်တိုင်းဒေသကြီး 2024-07-01
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇွန်လ (၃၀) ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)သို့ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို သွားရောက်ကြည့်ရှစစ်ဆေးခဲ့ပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)တို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံ ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ် ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများကိုလည်း အထူးအလေးဂရုပြု လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများတို့သည် တိုင်းရင်းသား လူမျိုးများရေးရာလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျမှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းကောင်းလာမှ တိုင်းပြည်ပိုမိုကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန်အရေး (၃)ပါးကို မထိခိုက်စေဘဲ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်ကိုအခြေခံလျက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့မှ မျှော်လင့်တောင့်တနေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ  ဆက်လက်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်  တိုက်တွန်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ၎င်းနောက် ဝန်ထမ်းများက ဌာနဆိုင်ရာလုပ်ငန်းကိစ္စရပ်များကို တင်ပြကြရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးတင်ပြချက် များအပေါ် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့် ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

၎င်းနောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)၏ မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က ကံ့ကော်ပင်များကို  ဦးဆောင်စိုက်ပျိုးပေးခဲ့ပြီး ဝန်ထမ်းများက သတ်မှတ်နေရာအသီးသီးတွင် ကံ့ကော်၊ ကျွန်း၊ ခရေ၊ မဟောဂနီ၊ မန်ဂျန်ရှား ပျိုးပင်များကို စိုက်ပျိုးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဝန်ထမ်းများ၏ သစ်ပင်စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)အတွင်းရှိ အင်းလေးကန်၌ ဇီဝိတဒါန ငါးလွှတ်ပွဲ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများက ငါးသားပေါက် ကောင်ရေ တစ်သောင်းနှစ်ရာကို အင်းလေးကန်အတွင်းသို့ ဇီဝိတဒါနလွှတ်ပေးခဲ့ပါသည်။

နေ့လယ်ပိုင်းတွင် (၁/၂၀၂၄) တိုင်းရင်းသားရိုးရာအက မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုသင်တန်းသည် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအလှများ မွမ်းမံဖော်ထုတ်ခြင်းနှင့် ထိန်းသိမ်းမြင့်တင်ခြင်း အခန်းကဏ္ဍတွင် အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း၊ တိုင်းရင်းသားများ၏ စာပေ၊ ယဉ်ကျေးမှု၊ အနုသုခုမများကို မြတ်နိုးတန်ဖိုးထားပြီး အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေးနှင့် အမျိုးသားရေးလက္ခဏာရပ်များ မပျောက်ပျက်အောင် ထိန်းသိမ်းရေး တာဝန်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် လူငယ်များအကြား အသိတရား မြင့်မားစွာဖြင့် စိမ့်ဝင်သွားနိုင်ရေးဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ လူငယ်များသည် မိမိတို့တိုင်းရင်းသားများ၏ ယဉ်ကျေးမှုပညာရပ်များကို စနစ်တကျ မှန်ကန်စွာ ဖော်ထုတ်ပြီး စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားတိုင်း၏ အလှကိုယ်စီ ယဉ်ကျေးမှုထုံးတမ်းစဉ်လာများ၊ အနုပညာ၊ ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များသည် ပြည်ထောင်စုကြီး၏ ပန်းဥယျာဉ်တွင် ရောင်စုံဖူးပွင့်ဝေဆာ နေသည့် ပကတိအရှိ အလှတရားများပင်ဖြစ်ပါကြောင်း၊ “တတ်ပြီးပညာမလေ့လာ မကြာမရှည်ပျောက်တတ်သည်” ဆိုသည့်အတိုင်း အခြေခံ သင်ယူတတ်မြောက်ထားသည့် ပညာရပ်များကို စဉ်ဆက်မပြတ် အဆင့်မြင့်တင်နိုင်ရေး ဆက်လက်လေ့လာဆည်းပူး ကြရန်လည်း အထူးလိုအပ်ပါကြောင်း၊ တိုင်းရင်းသားများ၏ ဝတ်စားဆင်ယင်မှုနှင့် ယဉ်ကျေးမှုအကအလှများကို တီထွင်ဆန်းသစ်ရာ၌ မူလရိုးရာကို မပျောက်ပျက်စေရေး၊ တည်တံ့ထိန်းသိမ်းနိုင်ရေးကို အထူးသတိရှိကြရန်လိုပါကြောင်းနှင့် သင်ယူတတ်မြောက်ထား ရှိသည့် ယဉ်ကျေးမှုအနုပညာ၊ အကအလှများကိုလည်း လိုအပ်သလို ဌာနအလိုက် လက်ဆင့်ကမ်း ဆင့်ပွားသင်တန်းများ ပုံမှန်ဖွင့်လှစ်သွားနိုင်ရေးကို တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းသူ/သားများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ပြီး အကနည်းပြများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ပါသည်။ ယင်းနောက် သင်တန်းသူ/သားများက အကအလှများဖြင့် သီဆိုဖျော်ဖြေကြပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။


Image
Image
Image
Image
Image
Image