တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စာရေးကိရိယာများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော် အကြီးအကဲက လူသားတိုင်းသည် ဘဝတိုးတက်မှုကို လိုလားကြပြီး အဓိကလိုအပ်ချက်ဖြစ်သည့် အသိပညာ၊ အတတ်ပညာများကို အမြဲမပြတ် လေ့လာကြိုးစားအားထုတ်ကြရမည်ဖြစ်ပြီး စာပေဗဟုသုတ၊ ဘာသာစကားနှင့် အခြားသောနည်းပညာပိုင်းဆိုင်ရာများကို လေ့လာသင်ယူ နေရမည်ဟု လမ်းညွှန်မှာကြားထားပါကြောင်း၊ နိုင်ငံတော်က ကျောင်းနေအရွယ် ကလေးများ အားလုံး ကျောင်းနေရေးနှင့် အနည်းဆုံး KG+9 ပြီးမြောက်အောင် ပညာသင်ယူရေး၊ ကျောင်းထွက်နှုန်း လျော့နည်းစေရေးတို့ကို စဉ်ဆက်မပြတ် ဦးစားပေးချမှတ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာသည် နိုင်ငံ၏အနာဂတ်၊ နိုင်ငံ၏ မီးရှူး တန်ဆောင် အလင်းရောင်ဖြစ်ပြီး ပညာဖြင့် မိမိတို့ဘဝနှင့် နိုင်ငံတော်ကို တည်ဆောက်ရမည် ဖြစ်၍ တိုးတက်ဖြစ်ထွန်းလာသော ပညာရေးကို ဆက်လက်မြှင့်တင်အားပေးပြီး ဆုံးခန်းတိုင်အောင် သင်ယူပြီးမြောက်နိုင်ရေး မိဘများနှင့် ဆရာ၊ ဆရာမများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရန်နှင့် စံနမူနာပြဖြစ်သည့် မိခင်ကောင်း ဖခင်ကောင်းများအဖြစ် ပြုမူနေထိုင်ကြရမည် ဖြစ်ပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်များနှင့် ပြည့်စုံသည့် လူ့စွမ်းအား အရင်းအမြစ်များမွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်နိုင်ရန် ဦးတည် ကြိုးပမ်းလျက်ရှိရာ သားငယ် သမီးငယ်များက ပညာရေးကို အစွမ်းကုန်ကြိုးစားဆောင်ရွက် ခြင်းဖြင့် နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကြစေလိုပါကြောင်း၊ ယခုကဲ့သို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် အခြေခံ ပညာ ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ချီးမြှင့်ခြင်းသည် အနာဂတ်နိုင်ငံတော်၏ ပခုံးပြောင်းတာဝန်များကို လက်ဆင့်ကမ်းရယူကြမည့် ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်များ၏ ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုခြင်းဖြစ်သည့်အပြင် ထူးချွန် ထက်မြက်သည့် အသိပညာရှင် အတတ်ပညာရှင်များ ပေါ်ထွက်လာစေရန် ခွန်အား တစ်ခုအနေဖြင့် တိုက်တွန်းနှိုးဆော်ခြင်းဖြစ်ပါကြောင်း၊ ပညာရည်ပြည့်ဝသော နိုင်ငံ့ သားကောင်းရတနာများ ပေါ်ထွက်လာမှသာ တိုင်းပြည်၏ အနာဂတ်သည်လည်း ထွန်းလင်း တောက်ပလာမည်ဖြစ်ပါကြောင်း၊ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တိုးတက်ပြောင်းလဲနေသည့် အတတ်ပညာ၊ နည်းပညာသစ်များနှင့် ရင်ဘောင်တန်းနိုင်ရန် အစဉ်ကြိုးစားအားထုတ်နေကြရန်နှင့် အသိပညာ၊ အတတ်ပညာကြွယ်ဝပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြား သုံးသပ်နိုင်သော၊ နိုင်ငံတော်ကို အကျိုးပြုသည့် လူချွန်လူကောင်းများဖြစ်သည့် အပြင် တိုင်းပြည်ပြုစိတ်ဓာတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ဖြစ်သော စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ်ကို မွေးမြူနိုင်သည့် သားကောင်းရတနာ သမီးကောင်းရတနာများ ဖြစ်ကြပါစေကြောင်း တိုက်တွန်းပြောကြားပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက မိဘများအနေဖြင့် မိမိတို့၏ သားသမီးများကို ကောင်းမွန်သည့် ပညာအမွေပေးအပ်နိုင်ရန် အရေးကြီးပါကြောင်း၊ ထူးချွန်ထက်မြက်ပြီး ဘက်စုံတော်သော ကျောင်းသား ကျောင်းသူများ ဖြစ်လာစေရေးအတွက် မိဘ၊ ဆရာသမားနှင့် ကျောင်းသား၊ ကျောင်းသူများ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ပညာကို မွေးဖွားသည်မှစ၍ သေဆုံးသည်အထိ လေ့လာသင်ယူနေကြရမည်ဖြစ်ပါကြောင်း၊ လေ့လာသင်ယူထားသည့် ပညာရပ်များကို မိမိကောင်းကျိုး၊ နိုင်ငံကောင်းကျိုး၊ လူသားများကောင်းကျိုးအတွက်သာ အသုံးချရန်ဖြစ်ပြီး မကောင်းသောနေရာများတွင် အသုံးမချမိစေရေးအတွက် သတိပြုရမည် ဖြစ်ပါကြောင်း၊ လူသားများ၏ ဘဝတွင် အရွယ် (၃) ပါးရှိပြီး ပထမအရွယ်သည် ပညာရှာရမည့် အရွယ်ဖြစ်သဖြင့် ပညာကို အပတ်တကုတ် ကြိုးစားလေ့လာ သင်ယူရမည်ဖြစ်ပါကြောင်း၊ အရွယ်(၃)ပါးတွင် သူ့နေရာနှင့်သူ ပညာကို ဆက်လက်သင်ယူရန်လိုအပ်ပါကြောင်း၊ ကျောင်းသူ၊ကျောင်းသားများအနေဖြင့် မိမိကိုယ်ကို ပညာရည်မြင့်မားစေရန် စဉ်ဆက်မပြတ် ကြိုးစား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထိုမှတစ်ဆင့် မိမိ၏ မိသားစု၊ နိုင်ငံသူ နိုင်ငံသားများအားလုံး ပညာရည်မြင့်မားလာမည်ဖြစ်ပြီး နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ပညာရည်မြင့်မားမှသာလျှင် သာယာဝပြောသော နိုင်ငံတော်သို့ ရောက်ရှိလာမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်မြင်ခဲ့သည့် ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးက ဝန်ထမ်းများ၏ သားသမီး၊ အခြေခံပညာအထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စာရေးကိရိယာများ ပေးအပ်ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က ဝန်ထမ်းများ၏ သားသမီး၊ အခြေခံ ပညာအလယ်တန်းနှင့် မူလတန်းကျောင်းသား၊ ကျောင်းသူများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတွက် စာရေးကိရိယာများ ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။