အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးနှင့်အညီ တိုင်းရင်းသားများအချင်းချင်း စည်းလုံးညီညွတ်မှုမပြိုကွဲစေဘဲပိုမိုခိုင်မြဲစေရန်၊ ချစ်ကြည်ရင်းနှီးကြစေရန်နှင့် စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ် ပိုမိုခိုင်မြဲစေရန် ရည်ရွယ်၍ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲ လေ့လာရေးခရီးစဉ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်ကျင်းပမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲ လေ့လာရေးခရီးစဉ်တွင် ပါဝင်ကြမည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အစည်းများ၊ လူငယ်မောင်မယ်များနှင့် တွေ့ဆုံပွဲကို ဇွန်လ (၂၈) ရက်နေ့ ညနေပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)၌ ကျင်းပပြုလုပ်ရာ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာပေယဉ်ကျေးမှု အသင်းအဖွဲ့ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားအနုပညာရှင်လူငယ်မောင်မယ်များ၊ ဖိတ်ကြားထားသူများနှင့် အထူးဧည့်သည်တော်များ တက်ရောက်ကြပါသည်။
ပထမဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က တွေ့ဆုံအမှာစကားပြောကြားရာတွင် ယနေ့ ကျင်းပပြုလုပ်သည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းသာမက ပဲခူးတိုင်းဒေသကြီးအတွင်းတွင်နေထိုင်သည့် တိုင်းရင်းသားများပါဝင်သည့်အတွက် တိုင်းရင်းသား များအချင်းချင်း ချစ်ကြည်စည်းလုံးမှုများရရှိလာပြီး တိုင်းရင်းသားရေးရာကိစ္စရပ်များကို ကွန်ယက်သဖွယ် ချိတ်ဆက်ဆောင်ရွက်နိုင်မည်လို့ ယုံကြည်ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီများကို ဖွဲ့စည်းဆောင်ရွက်လျက် ရှိသည်ကို အားလုံးတွေ့မြင်ရမည်ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားခြင်းအားဖြင့် မိမိတို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ရည်မှန်းထားသည့် ထာဝရငြိမ်းချမ်းရေးရရှိကာ နိုင်ငံတော်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ စာပေ ပျောက်လျှင် လူမျိုးပါပျောက်ကွယ်သွားမည်ဖြစ်ပါကြောင်း၊ ဒါကြောင့် တိုင်းရင်းသားများ အနေဖြင့် မိမိတို့စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုအမွေအနှစ်များ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရာတွင် အားလုံးအတူတကွ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တွေ့ဆုံအမှာစကား ပြောကြားရာတွင် မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်အနက် လူမှုရေးဦးတည်ချက်ပါ တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအသိပညာရှင်၊ အတတ် ပညာရှင်များ ထွန်းကားလာစေရေးတို့အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေး စနစ်ကို အကောင်အထည်ဖော်ဆောင်ရေးဆိုသည့် ဦးတည်ချက်ကို အထောက်အကူပြု စေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းရင်းသားစာပေသင်ကြားမှုကို အမျိုးသားပညာရေးမူဝါဒနှင့်အညီ ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ တိုင်းရင်းသားများ၏ လူမှုဘဝမြှင့်တင်ရေးအတွက် ရှမ်းပြည်နယ်တွင် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ ဖွင့်လှစ်လျက်ရှိသည့်အပြင် တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းသင်တန်း များကိုလည်း တက်ရောက်သင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာဆက်စပ်ဝန်ကြီးဌာန များနှင့် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ နှီးနှောဖလှယ်ပွဲများ ဆောင်ရွက်ပေးခြင်းအားဖြင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူမျိုးများအနေဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများအား ဖော်ထုတ်ခွင့်ရသလို အခြားတိုင်းရင်းသား များ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများကိုလည်း လေ့လာသိရှိနိုင်မည် ဖြစ်သည့်အတွက် စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်ပိုမိုခိုင်မာလာစေမည်ဖြစ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုလည်း ပိုမိုအထောက်အကူပြုလာမည်ဖြစ်ပါကြောင်း၊ ဒါ့အပြင် အထူးသဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများတွင်လည်း များစွာအထောက်အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံတော်အတွက် ပကတိလွန်စွာ အရေးပါသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တိုင်းရင်းသားသွေးချင်း ညီနောင်များအားလုံး စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အတူတကွလက်တွဲတည်ဆောက်မှသာ ပိုမိုခိုင်မြဲမှု ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅) မျိုးစုပေါင်းနေထိုင် ကြသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်နှင့်အညီ အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးသည် လွန်စွာအရေးကြီးသည့်အတွက် တိုင်းရင်းသားများအားလုံးတို့မှ စဉ်ဆက် မပြတ် အလေးထားဝိုင်းဝန်းထိန်းသိမ်းကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ တိုင်းရင်းသား လူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုပင်ဖြစ်ပါကြောင်း၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် နိုင်ငံတော်၏ အမျိုးသားရေး လုပ်ငန်းစဉ် (၂)ရပ်နှင့် နိုင်ငံရေးလုပ်ငန်းစဉ် (၂)ရပ်တို့ကို ကိုယ်စွမ်းဉာဏ်စွမ်း တတ်အားသရွေ့ အပြုသဘောစိတ်ဓာတ်ဖြင့် ဆက်လက်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ ဒါ့ကြောင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးတို့သည် မိမိတို့၏ စာပေနှင့် ယဉ်ကျေးမှုလုပ်ငန်းကိစ္စရပ်များကို ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ထိန်းသိမ်းမြှင့်တင်နိုင်ကြစေလိုပါကြောင်း၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်စေဘဲ တိုင်းရင်သားပြည်သားများအားလုံး မျှော်လင့်တောင့်တနေသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရေးလုပ်ငန်းများတွင် မိမိတို့ကျရာကဏ္ဍမှ အားကြိုးမာန်တက်ဖြင့် အစွမ်းကုန်ဆက်လက်ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။
၎င်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ယဉ်ကျေးမှုအကအဖွဲ့များ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ် များမှ လူငယ်မောင်မယ်အကအဖွဲ့များက တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး တိုင်းရင်းသားလူငယ်မောင်မယ်များသည် တွေ့ဆုံပွဲသို့ တက်ရောက် လာကြသည့် ဧည့်သည်တော်ကြီးများနှင့်အတူတကွ “ပြည်ထောင်စုသွေး” သီချင်းဖြင့် စုပေါင်း ယိမ်းအကကို သီဆိုဖျော်ဖြေကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင်နှင့် အဖွဲ့ဝင်များတို့က တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များအား ဂုဏ်ပြု ချီးမြင့်ငွေများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။