တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇွန်လ (၂၉) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်နှင့် မအူပင်ခရိုင်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တွေ့ဆုံအမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏စာပေနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားရေးရာများကိုဆောင်ရွက်ခြင်းနှင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာလာစေရေးအတွက် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းတာဝန်များကို နိုင်ငံတော်က ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်အနက် လူမှုရေး ဦးတည်ချက်ပါ တစ်နိုင်ငံလုံး အသိပညာအတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ် လုပ်မှုအထောက်အကူပြု ပညာရှင်များထွန်းကားလာစေရေးတို့အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး ဆိုသည့် ဦးတည်ချက်ကို အထောက်အကူပြုစေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းရင်းသားဘာသာ စာပေသင်ကြားမှုကို ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အစိုးရစာသင်ကျောင်းများတွင် တိုင်းရင်းသားဘာသာစာပေသင်ကြားရေး အထောက် အကူပြု ဆရာ/မ (Teaching Assistant - TA)နှင့် တိုင်းရင်းသားစာပေသင် ဆရာ/မ (Language Teacher - LT)များအဖြစ် ခန့်ထားနိုင်ရန် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၌ ဧရာဝတီတိုင်းဒေသကြီးတွင် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ(၃/ ၂၀၂၄) သို့ တက်ရောက်ခွင့်ရရှိသည့် ပုသိမ်မြို့ ပညာရေးဒီဂရီကောလိပ်တွင် (၇၆၀)ဦး၊ မြောင်းမြမြို့ ပညာရေးဒီဂရီ ကောလိပ်တွင် (၃၉၁)ဦး၊ ဘိုကလေးမြို့ပညာရေး ဒီဂရီကောလိပ်တွင် (၁၆၇)ဦး သင်တန်း တက်ရောက်ရန် စုစုပေါင်း (၁၃၁၈)ဦး ရွေးချယ်ခံရပြီး သင်တန်းတက်ရောက်ပြီးသူ (၁၁၀၃)ဦးနှင့် သင်တန်းမတက် ရောက်နိုင်သူ (၂၁၅)ဦး ဖြစ်သည်ကိုကြောင်းတွေ့ရှိရ ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် သင်တန်းတက်ရောက်နိုင်ခြင်း မရှိသည်ကို တွေ့ရှိရပြီး သင်တန်းတက်ရောက်ပြီးသူများကို ပညာရေးဝန်ကြီးဌာနမှ ပညာရေးမူဝါဒများနှင့်အညီ TA/LT များအဖြစ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တိုင်းရင်းသား ဘာသာသင် (Teaching Assistang-TA နှင့် Language Teacher-LT) ဆရာ/ဆရာမပေါင်း (၁၇၂၁) ခန့်အပ်သည့်အနက်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ (၁၁၀၃) ဦး ခန့်ထားပါကြောင်း၊ “စာပေရှိမှ လူမျိုးရှိမည်”၊ စာပေတင့်တယ်မှ လူမျိုးတင့်တယ်မည်” ဆိုသည့် ဆိုရိုးစကားရပ်များရှိသည်နှင့်အညီ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် တရားဝင်ဥပဒေနှင့်အညီ မှတ်ပုံတင်ထားရန်လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင်နိုင်ရေးကိစ္စနှင့် တိုင်းရင်းသားများအတွက် တိုက်ရိုက်အကျိုးခံစားစေမည့်လုပ်ငန်းများကို နိုင်ငံတော်၏ လုံခြုံရေးနှင့်အမျိုးသား အကျိုးစီးပွားတို့ကို မထိခိုက်စေဘဲ ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ မြေလွတ်၊ မြေလတ်၊ မြေရိုင်းများ၌ ဆောင်ရွက်မည့်လုပ်ငန်းများတွင်လည်း တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာအရ သက်ဆိုင်သည့်မြေများ ပါဝင်မှုရှိ/မရှိ အချိန်နှင့် တပြေးညီ ကွင်းဆင်းစိစစ်ပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ မြေလွတ်၊ မြေလတ်၊ မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုကော်မတီသို့ သဘောထားမှတ်ချက်များ ပြန်ကြားဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ အဓိက လုပ်ငန်းဖြစ်သည့် တိုင်းရင်းသားရေးရာနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် တိုင်းရင်းသားအချင်းချင်း (သို့မဟုတ်) တိုင်းရင်းသားလူမျိုးများအကြား ဖြစ်ပွားသည့် အငြင်းပွားမှုများကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများထံ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တာဝန်ခွဲဝေအပ်နှင်းထားပြီးဖြစ်ပါကြောင်း၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံတော်နှင့် တိုင်းရင်းသား၏အကျိုးစီးပွားကို ရှေးရှု၍ တင်ပြဆောင်ရွက်နိုင်ပါကြောင်း၊ ယနေ့ တိုင်းရင်းသားခေါင်းဆောင်များ၏ တင်ပြသည့် အချက်များကို စနစ်တကျသေချာမှတ်သားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်အစိုးရအဖွဲ့များတို့နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ် ပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းမှုရှိရန်လိုပါကြောင်း၊ တိုင်းရင်းသားဒေသများဖွံ့ဖြိုးတိုးတက်မှ တိုင်းပြည်အေးချမ်း သာယာဝပြောမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများအနေဖြင့် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်မျိုးနှင့်တစ်မျိုး အမုန်းမပွားဘဲ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်စေဘဲ နိုင်ငံသူ နိုင်ငံသားများနှင့် တိုင်းရင်းသားပြည်သူများ မျှော်လင့်တောင့်တနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရေးလုပ်ငန်းများတွင် မိမိတို့ကျရာကဏ္ဍမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ အားကြိုးမာန်တက် အစွမ်းကုန်ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ဒေသတွင်းဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြ ခဲ့ပါသည်။
၎င်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး အထွေထွေ ဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီးတို့က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးတို့က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ များအား ထောက်ပံ့ငွေများ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။