“Computer Repair and Maintenance (၁/၂၀၂၄) သင်တန်း” ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော် ဇွန် ၂၇
နေပြည်တော် 2024-06-28
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ “Computer Repair and Maintenance သင်တန်း (၁/၂၀၂၄)” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်း နည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။ 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့မျက်မှောက် ကာလတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) တိုးတက်ထွန်းကားလာ သည်နှင့်အမျှ ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြားသည် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြု၍ နိုင်ငံ ခေတ်မီတိုးတက်ရေး အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြပါကြောင်း၊ ကွန်ပျူတာ အသုံးပြုပြီး ရုံးလုပ်ငန်းများကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်လာနိုင်သော်လည်း ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများအား ပြုပြင်ထိန်းသိမ်းမှု၊ ဆိုက်ဘာလုံခြုံမှုအပါအဝင် လိုအပ်သည့်စစ်ဆေးမှု များကို ပုံမှန်ပြုလုပ်ပေးခြင်းမရှိပါက ကွန်ပျူတာ windows မတက်ခြင်း၊ Windows error ၊ Hardware error ၊ Software error ၊ Virus ၊ အန္တရာယ်ရှိသော Software Code များ ပျံ့နှံ့ခြင်း၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ တိုက်ခိုက်ခံရခြင်းများ စသည့်အကြောင်းအရာများ ကြုံတွေ့နေရပါ ကြောင်း၊  သို့ဖြစ်ရာ တိုးတက်ပြောင်းလဲနေသော ICT နည်းပညာများကို အသုံးပြု၍ ရုံးလုပ်ငန်းသုံး ကွန်ပျူတာများအား စနစ်တကျ ပြုပြင်ထိန်းသိမ်းတတ်စေရန်၊ ICT ဆိုင်ရာ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍  ယခုသင်တန်းကို ဖွင့်လှစ်ပို့ချရခြင်းဖြစ်ပါကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တွင် “နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌  လူငယ်များအနေဖြင့် အဓိကစွမ်းအားစုများအဖြစ် ပါဝင်နိုင်ရေးနှင့် ဗလ ငါးတန်နှင့် ပြည်စုံသောလူငယ်၊ လူရွယ်များဖြစ်စေရန်အတွက် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန်” ဟုပါရှိသဖြင့် ဝန်ထမ်းများ၏ လုပ်ငန်းခွင် စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းများကိုလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သက်မွေးပညာ သင်တန်းများကိုလည်းကောင်း ဖွင့်လှစ်ပို့ချ ပေးလျက်ရှိပါကြောင်း၊ ထိုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးတွင် အထောက်အကူ ဖြစ်လာစေပြီး ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းခွင် စွမ်းဆောင်ရည်မြင့်မားရေးနှင့် မိမိဌာနတိုးတက်ရေးတို့ကို အစဉ်ရှေ့ရှုကာ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် မိမိတို့ကျရာကဏ္ဍမှ အပြုသဘောဆောင်၍ အားကြိုးမာန်တက်  ပူးပေါင်းပါဝင် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးက ယနေ့ Information Technology (IT) ခေတ်တွင် နည်းပညာများ တိုးတက်ထွန်းကားလာနှင့်အညီ ကွန်ပျူတာသည် ရုံးလုပ်ငန်းများတွင်သာမက ပြင်ပစီးပွားရေး လုပ်ငန်းများအတွက်ပါ မရှိမဖြစ်အသုံးဝင်လာသဖြင့် ကွန်ပျူတာနှင့် ဆက်စပ်သည့် နည်းပညာများကို သိရှိတတ်ကျွမ်း နားလည်ရုံမျှသာမက စနစ်တကျ ပြုပြင်ထိန်းသိမ်းတတ်ရန် လည်း အထူးပင်လိုအပ်လှပါကြောင်း၊ ယခုကဲ့သို့ လုပ်ငန်းခွင်မပျက် သင်တန်းများ ဖွင့်လှစ် ခြင်းဖြင့် ဝန်ထမ်းများအားလုံး ကွန်ပျူတာတတ်ကျွမ်းလာပြီး ရုံးလုပ်ငန်းစီမံခန့်ခွဲခြင်းနှင့် ပြည်သူ့ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများတွင်  အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ သင်တန်းမှ ပို့ချခဲ့သည့် သင်ခန်းစာများကို လက်တွေ့နယ်ပယ်တွင် စဉ်ဆက်မပြတ် ပြန်လည်အသုံးချခြင်းအားဖြင့် တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာမည်ဖြစ်ပြီး တတ်ကျွမ်းလာသည့် ပညာရပ်များကို လက်ဆင့်ကမ်းမျှဝေ သွားကြရမည်ဖြစ်ပါကြောင်း၊ ICT ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သည့် ဝန်ထမ်းများ ပိုမိုထွက်ပေါ်လာပါက ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် ပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်သဖြင့် အထူးကြိုးစား သင်ယူသွားကြရန် အလေးအနက်ထား မှာကြားလိုပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း  မိတ်ဆက်ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းနည်းပြ ဆရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ  စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ သင်တန်းကာလမှာ ရက်သတ္တ (၃) ပတ် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၁၆) ဦး တက်ရောက်ကြကြောင်း သိရှိရပါသည်။


Image
Image
Image
Image