“အခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ” ကရင်၊ ဇွန် ၁၈
ကရင်ပြည်နယ်၊ ဘားအံ 2024-06-28
Image

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ကရင်ပြည်နယ် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ (၁၈-၆-၂၀၂၄) ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ကရင်ပြည်နယ်၊ ဘားအံမြို့၊ မိန်းမလှကျွန်းကျေးရွာ၊ သုစိတာရာမဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ “အခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနား”ကျင်းပခဲ့ပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးစေရေး၊  တစ်ရွာထုတ်ကုန်တစ်မျိုး ထုတ်လုပ်နိုင်သည့် လုပ်ငန်းငယ်များပေါ်ပေါက်ပြီး တိုင်းရင်းသားတို့၏ လူမှုစီးပွားကို အထောက်အကူပြုစေရန်နှင့် ဒေသခံတိုင်းရင်းသားများအနေဖြင့် မိမိတို့၏ ကျေးရွာတွင် ထွက်ရှိသော အသီးအနှံများကို လေလွင့်မှုနည်းပါးပြီး ဈေးကွက်ဝင်စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်စေရန် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြား၍ သင်တန်းထောက်ပံ့ငွေနှင့် သင်တန်းအတွက်လိုအပ်သော ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကို၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးကျော်စိုး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်ရီရီဝင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူစိန်နှင့် ဌာနဆိုင်ရာမှ ဧည့်သည်တော်များ၊ ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းကို (၇) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး မိန်းမလှကျွန်းကျေးရွာမှ သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး တက်ရောက်လျက်ရှိကာ သစ်သီးယိုမျိုးစုံ၊ သစ်သီးဖျော်ရည်၊ နှမ်းယို၊ မြေပဲယိုနှင့် သစ်သီး ဂျယ်လီအမျိုးမျိုး ပြုလုပ်နည်းများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။



Image
Image
Image
Image
Image
Image