မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် “ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ”ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၂) ရပ်ကွက်၊ အကွက်အမှတ်(၂၂)၊ ခပေါင်းရေကြည်ရပ်၌ ဖွင့်လှစ်လျက်ရှိပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းသည် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများလိုက်ပါလျက် ဇွန်လ(၁၀)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာ နှင့်သက်မွေးပညာသင်တန်းစင်တာ၌ ဖွင့်လှစ်ခဲ့သည့် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း (၃/၂၀၂၄) နှင့် အခြေခံကွန်ပျူတာသင်တန်း(၂/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ပါသည်။
ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာ သင်တန်းစင်တာ၌ မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း ၃ ကြိမ် နှင့် အခြေခံကွန်ပျူတာသင်တန်း ၂ ကြိမ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားဦးရေ (၁၀၀) ဦး တက်ရောက်ခဲ့ပါကြောင်း၊ ယခု ဖွင့်လှစ်ပေး ခဲ့သည့် သင်တန်းများသည် ရပ်ရွာအကျိုး၊ နိုင်ငံအကျိုးများကို အသေးအဖွဲ့မှအစ အကျိုးပြုနိုင် ပါကြောင်း၊ ကွန်ပျူတာသင်တန်းသည် အခြေခံဖြစ်သော်လည်း မိမိတို့ကိုယ်တိုင် လေ့လာသင်ယူ ကြရန်နှင့် အဆင့်မြင့်ကွန်ပျူတာစာရင်းကိုင်သင်တန်းများသို့ ဆက်လက်တက်ရောက်စေလို ကြောင်း၊ ယင်းသို့တက်ရောက်ခြင်းအားဖြင့် ဌာန/ကုမ္ပဏီများသို့ အလုပ်သွားရောက်လျှောက်သည့် အခါ မျက်နှာမငယ်ရပါကြောင်း၊ မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းနှင့် ပတ်သက်၍လည်း ၁လအတွင်း မိမိကိုယ်ကိုယ် မည်မျှတတ်မြောက်နေပြီဖြစ်သည်ကို သုံးသပ်ပြီး အသက်မွေးဝမ်းကျောင်း အတွက် အထောက်အကူပြုနိုင်သည်အထိ ဆက်လက်လေ့လာရန်လိုပါကြောင်း၊ မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းကို အကြောင်းပြု၍ စက်များ၏ လည်ပတ်မှုအနေအထားကို လေ့လာခြင်းဖြင့် ကျွမ်းကျင်ပညာရှင်များဖြစ်လာနိုင်ပါကြောင်းနှင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားရမည် ဖြစ်ပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက အမှာစကားပြောကြားရာ တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် တိုင်းရင်းသားရေးရာကိုအဓိကဆောင်ရွက်သည့် ဌာနဖြစ်ပါကြောင်း၊ တိုင်းရင်းသားတို့၏ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဓလေ့ထုံးစံတို့ကို မပျောက်ပျက်စေရန်နှင့် တိုင်းရင်းသားတို့ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် ပေးသည့်ဌာနဖြစ်ပါကြောင်း၊ ဤသင်တန်းစင်တာသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေနှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေများဖြင့် တည်ဆောက်ရခြင်း ဖြစ်ကြောင်း၊ မဲခေါင်မြစ်စီးဆင်းရာလမ်းကြောင်းရှိ ရှမ်းပြည်နယ်မှ ဒေသခံတိုင်းရင်းသားများအား လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်ပြီး သင်တန်းများကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ မော်တော်ဆိုင်ကယ် သင်တန်းများကို ဖွင့်လှစ်လျက်ရှိရာ မွမ်းမံသင်တန်းကို ဆက်လက်ဖွင့်လှစ်ရန် ရည်ရွယ်ထားပါကြောင်း၊ ဖွင့်လှစ်ပြီးစီးခဲ့သည့် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းများသို့ တက်ရောက်ခဲ့သည့် သင်တန်းသား များအနေဖြင့် အချို့မှာ ကိုယ်ပိုင်ဆိုင်ကယ်ပြင်ဆိုင် ဖွင့်လှစ်နိုင်ခြင်းနှင့် အချို့မှာ ကိုယ်ပိုင် ဆိုင်မဖွင့် နိုင်သော်လည်း မိမိတို့ရပ်ရွာအတွင်းရှိ ဆိုင်ကယ်များအား ပြင်ဆိုင်ပေးနိုင်ခြင်းတို့ ဆောင်ရွက်နိုင်သည်ကို သိရှိရပါကြောင်း၊ အခြေခံကွန်ပျူတာသင်တန်း တက်ရောက်ပြီးသူများအနေဖြင့်လည်း အခြေခံတတ်မြောက်ထားသည့်အတွက် အလုပ်လျှောက်ထားရာတွင် လွယ်ကူမှုရှိသည်ကို တွေ့ရှိရ ပါကြောင်း၊ ငယ်ရွယ်စဉ်သင်ကြားခဲ့သည့် အတတ်ပညာမှန်သမျှကို မမေ့လျော့သင့်ကြောင်း၊ ကွန်ပျူတာမရှိသော်လည်း ဖုန်းဖြင့် ဆက်လက်၍ လေ့လာ၍ ရပါကြောင်းနှင့် အတွေ့အကြုံက ပိုမိုကောင်းမွန်စွာ တတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ပေးသည့် ပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ အဆိုပါ သင်တန်းများကို (၉-၅-၂၀၂၄)ရက်နေ့မှ (၉-၆-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်နယ် အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ ဗမာ၊ လားဟူ၊ ကရင်၊ ကချင် စသည့် တိုင်းရင်းသား မျိုးနွယ်စုမှ သင်တန်းသူ/သား(၄၀)ဦးတို့ တက်ရောက်သင်ကြားခဲ့ပါသည်။