တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် Snack & Bakery နည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း အမှုထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သည့် သင်တန်းကို ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ သက်သာချောင်ချိရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန်၊ ကိုယ်ပိုင်အသေးစား၊ အလတ်စားလုပ်ငန်းများ ထူထောင်လာနိုင်ရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင်သင်တန်းပြီးမြောက် အောင်မြင်ခဲ့ပြီဖြစ်ပါကြောင်း၊ “Snack and Bakery နည်းပညာသင်တန်း” ကို ပညာမချွင်းမချန်ဘဲ မေတ္တာ စေတနာအပြည့်အဝနှင့် လာရောက်သင်ကြားပို့ချပေးသည့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ နည်းပြဆရာမများ၊ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသည့် တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက် (၄)ရပ်တွင် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဆိုသည့် လမ်းညွှန်ချက်ပါရှိပါကြောင်း၊ အဆိုပါလမ်းညွှန်ချက်နှင့်အညီ မိမိတို့ဝန်ကြီးဌာန သည်လည်း တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ MSME လုပ်ငန်းများကျယ်ပြန့်လာစေရေးအတွက် ရုံးချုပ်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာသင်တန်းများကို စဉ်ဆက်မပြတ် အကောင် အထည်ဖော်ပြီး လက်ဆင့်ကမ်းမျှဝေ ဖွင့်လှစ်ပို့ချ သွားကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် “တတ်သည့်ပညာ မလေ့လာ၊ မကြာမရှည်ပျောက်တတ်သည်”ဟူသည့် ဆိုရိုးစကားအတိုင်း သင်တန်းမှ သင်ကြား ပိုချပေးလိုက်သည့် မုန့်ဖုတ်လုပ်သည့် နည်းပညာများကို မူပိုင်ခွင့် ဥပဒေနှင့်အညီ အခြေခံ၍ မိမိဘာသာ ဆန်းသစ် တီထွင်ကာ ကိုယ်ပိုင် အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများကို ထူထောင်နိုင်ပြီး မိသားစုဝင်ငွေ တိုးပွားရုံသာမက နိုင်ငံ့ဝင်ငွေ တိုးပွားစေရန်လည်း ကျရာကဏ္ဍမှ ဆတက်ထမ်းပိုး ပါဝင်နိုင်အောင် ဆက်လက် အကောင် အထည် ဖော် ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ပါကြောင်း တိုက်တွန်း ပြောကြားပါသည်။
ထို့နောက် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုသင်တန်းသည် သက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်ဖြစ်သည့်အတွက် မိသားစု တစ်ပိုင်တစ်နိုင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ပြီး သင်ယူတတ်မြောက်လာသည့် နည်းပညာများကိုဆင့်ပွား ဆန်းသစ်တီထွင်ကာ အရည်အသွေးမြင့် ကုန်ပစ္စည်းများ ထုတ်လုပ်ပါက ဈေးကွက်တွင် မိမိ၏ ကုန်ပစ္စည်းအမှတ်တံဆိပ် နာမည်ရရှိလာမည်ဖြစ်ပါကြောင်း၊ သင်တန်းမှသင်ကြားပေးသည့် ပညာရပ်များကို ကောင်းစွာအသုံးချပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးလာနိုင်သည်နှင့် အမျှ ဝင်ငွေလည်း တိုးပွားလာမည်ဖြစ်သည့်အတွက် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် အလွန်အရေးပါသော MSME အခန်းကဏ္ဍကို တစ်ဖက်တစ်လမ်းမှ မြှင့်တင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား၊ သင်တန်းသူများအား ပေးအပ်ခဲ့ပြီး ဒုတိယဝန်ကြီးက သင်တန်းနည်းပြဆရာမများအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ပါသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများ ပြုလုပ်ထားသည့် Butter Cake ၊ Banana Cake ၊ Chocolate Cake ၊ Chiffon Cake ၊ Cup Cake ၊ Cookies ၊ ကိတ်မုန့်ခြောက်၊ ပူတင်းပေါင်မုန့်၊ ပဲပေါင်မုန့်၊ စနိုးပူတင်း၊ ဆနွင်းမကင်း အစရှိသော မုန့်အမျိုးမျိုးကို လိုက်လံကြည့်ရှုပြီး သင်တန်းနည်းပြများက ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။