တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော ဒေသခံတိုင်းရင်းသားများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှေးဦးစွာ တိုင်းရင်းသားများက စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ် သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က တနင်္သာရီတိုင်းဒေသကြီးအတွင်း မှီတင်း နေထိုင်လျက်ရှိသော ကရင်၊ မွန်၊ ထားဝယ်၊ မော်ကယ်(ဆလုံ)စသည့် ဒေသခံတိုင်းရင်းသားများ၏ အခွင့်အရေး နစ်နာဆုံးရှုံးမှုများ၊ လိုအပ်ချက်များကို ပွင့်လင်းမြင်သာစွာ တင်ပြဆွေးနွေးနိုင်ရေးနှင့် လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံ တိုင်းရင်းသားပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပြီး လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသား များ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်း၊ အဖွဲ့များမှ ပုဂ္ဂိုလ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တွေ့ဆုံခွင့်ရရှိသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာ၊ ကိုးကွယ်သည့် ဘာသာသမိုင်း အမွေအနှစ်တို့ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဘဏ္ဍာ ရန်ပုံငွေကို သာမာန်အသုံးစရိတ်တွင် ၃၈၂ သန်းကိုလည်းကောင်း၊ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ငွေလုံးငွေရင်း အသုံး စရိတ်တွင် ကျပ်သန်း ၂၅၀ လျာထားထည့်သွင်းပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားဘာသာစာပေသင်ကြားရေးအထောက်အကူပြု ဆရာ/ဆရာမများ (Teaching Assistant - TA)နှင့် တိုင်းရင်းသားစာပေသင်ဆရာ/ဆရာမများ (Language Teacher - LT) ကို ခန့်အပ်ရာတွင် အထောက်အကူပြု သင်တန်း/ဆွေးနွေးပွဲတက်ရောက်ပြီးမှသာ ခန့်ထားသည့် ပညာရေးဝန်ကြီးဌာန၏ မူဝါဒအရ တိုင်းရင်းသားဘာသာစာပေသင်ဆရာ/ဆရာမများအနေဖြင့် သင်တန်းများ မပျက်မကွက် တက်ရောက်နိုင်ရေးကိုလည်း ပူးပေါင်းဆောင်ရွက်ပေးစေကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားပြည်သူများ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်အတွက် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ တိုင်းရင်းသားကိုယ်စားလှယ်များက မိမိဒေသ၊ မိမိရပ်ရွာ တည်ငြိမ်အေးချမ်းရန် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်၊ မိမိ၏ စကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာ ဓလေ့ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းမြှင့်တင်ရေးကိစ္စရပ်များ၊ ဒေသအသီးသီးရှိ တိုင်းရင်းသားပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ပါဝင်သော လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ ကိစ္စရပ်များနှင့် လိုအပ်ချက် များကို ဝိုင်းဝန်းဆွေးနွေးကြရန် လိုအပ်ကြောင်း၊ ဆွေးနွေးပွဲမှ ရရှိလာသည့် ရလဒ်ကောင်းများကို အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့၏ ရပ်ရွာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓါတ်ဖြင့် ဒို့တာဝန်အရေး (၃)ပါးကို မထိခိုက်စေဘဲ ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်း စဉ်များတွင် မိမိတို့အနေဖြင့် ကျရာအခန်းကဏ္ဍမှ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေဖြင့် ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးတိုင်းရင်းသားကိုယ်စားလှယ် ဦးတင့်လွင်က ဒေသခံတိုင်းရင်းသား များ၏ လူနေမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တိုင်းရင်းသားများက ပြည့်ရတနာသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာသော တိုင်းရင်းသား ကိုယ်စားလှယ်များအား ရင်းရင်းနှီးနှီး လိုက်လံနူတ်ဆက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ မွန်၊ ကရင်၊ ထားဝယ်၊ မော်ကယ် တိုင်းရင်းသား ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလုပ်ငန်းရှင်များတို့က တိုင်းရင်းသားဒေသဖွံ့ဖြိုးကဏ္ဍ၊ တိုင်းရင်းသား ဒေသများတွင် ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများ၊ တိုင်းရင်းသားများ၏ သက်မွေးဝမ်းကျောင်းပညာရပ်များ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အုပ်စုများဖွဲ့၍ ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။