တနင်္သာရီတိုင်းဒေသကြီးအတွင်း ဒေသခံတိုင်းရင်းသားများ၏လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် တွေ့ဆုံရခြင်း ဖြစ်ကြောင်း၊ ယခုတွေ့ဆုံမှုသည် ဒုတိယကြိမ်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားရေးရာ ကိစ္စရပ် များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဓိကအားဖြင့် ဆောင်ရွက်ပေးသည့်နေရာတွင် နယ်မြေဒေသ အေးချမ်းမူအပေါ် မူတည်၍ ဆောင်ရွက်ပေးလျက်ရှိပြီး တိုင်းရင်းသားများ၏ လိုအပ်ချက်များ တင်ပြလာမှုအပေါ်တွင်လည်း ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် ကုန်ထုတ်လမ်းများ၊ တာတမံများအပါအဝင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်များရှိကြောင်း၊ ဘန်းချောင်းဒေသတွင် ဒေသဖွံ့ဖြိုရေးဖြစ်သည့် လမ်း၊ လျှပ်စစ်မီးများ ကြိုးစား ဆောင်ရွက်ထားသော်လည်း ယခုအခါတွင် များစွာစိတ်မကောင်းဖြစ်ရကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ စတင်တာဝန်ယူစဉ်က ဖောင်းတောဒေသ၌ ဒေသခံတိုင်းရင်းသားများ သွားလာရေး အဆင်ပြေစေရေးအတွက် လမ်းများဖောက်လုပ်ထားပြီး ဖောင်းတောရေအားလျှပ်စစ် ပြန်လည် လည်ပတ်အောင် ဆောင်ရွက်ပြီး ဒေသအတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာ သက်သာသော ဈေးနှုန်းများဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့ကြောင်း၊ ယခုအချိန်အခါ သည် ဒေသအတွင်း လျှပ်စစ်မီးလုံလောက်စွာနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည့် အချိန်အခါဖြစ်ကြောင်း၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန် ရှိသူများတို့က နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်း အကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မွန်၊ ကရင်၊ ထားဝယ်၊ မော်ကယ် တိုင်းရင်းသားကိုယ်စားလှယ်များ၊ တိုင်းရင်းသားလုပ်ငန်းရှင်များတို့က လမ်း၊ တံတား၊ တာတမံ၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီး၊ ဆိုလာမီး၊ အဆောက်အဦ၊ ထောက်ပံ့ရေး၊ သားငါးသီးနှံကဏ္ဍ၊ စာသင်ကျောင်းနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်တွင် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။