တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် Snack & Bakery နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို (၃-၆-၂၀၂၄) ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တတ်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ဤသင်တန်းကို ဌာနမှ ဝန်ထမ်းများ မုန့်ဖုတ်နည်းပညာများကို တတ်မြောက်ပြီး ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ သက်သာချောင်ချိရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန်၊ ကိုယ်ပိုင်အသေးစား၊ အလတ်စားလုပ်ငန်းများကို ထူထောင်လာနိုင်ဖို့နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် Butter Cake ၊ Banana Cake ၊ Chocolate Cake ၊ Chiffon Cake ၊ Cup Cake ၊ Cookies ၊ ကိတ်မုန့်ခြောက်၊ ပူတင်းပေါင်မုန့်၊ ပဲပေါင်မုန့်၊ စနိုးပူတင်း၊ ဆနွင်းမကင်း အစရှိသော မုန့်အမျိုးမျိုးအပြင် Quality Control ဖြင့် မုန့်ပြုလုပ်ရာတွင် သန့်ရှင်းလတ်ဆတ်သော အရည်အသွေးမီ မုန့်များဖြစ်စေရန်အတွက် ကောင်းမွန်သော ထုတ်လုပ်မှု အလေ့အကျင့်စနစ် Good Manufacture Practices (GMP) ၊ သန့်ရှင်းရေး အလေ့အကျင့်ကောင်းများ Good Hygiene Practices တို့ကို သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံတော်စီးပွားမြင့်မားရေးနှင့် ပြည်သူတစ်ရပ်လုံး လူမှုစီးပွားဘဝမြင့်မားရေး ဆောင်ရွက်သွားမည်ဆိုသည့် လုပ်ငန်းစဉ်တစ်ရပ်ပါရှိပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်နှင့်အညီ မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးမှထွက်ရှိသည့် ကုန်ကြမ်း ပစ္စည်းများကို ထိထိရောက်ရောက် အသုံးချပြီး အဆင့်မြင့်ပြည်ပထုတ်ကုန်များ ထုတ်လုပ်နိုင်မည် ဆိုပါက ပြည်ပမှသွင်းကုန်များကို အစားထိုးတင်သွင်းနိုင်မှု လျှော့ချနိုင်မည်ဖြစ်ပြီး မိမိတို့ မိသားစုစားဝတ်နေရေးအတွက်လည်း ဝင်ငွေတိုးပွားလာမည့်အပြင် နိုင်ငံတော်အတွက်ပါ ဝင်ငွေတိုးပွားအောင်လည်း ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရန်အတွက် လုပ်ငန်းခွင်ဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး သင်တန်းများနှင့် ဝန်ထမ်းများ၏အကျိုးကို မျှော်ကိုးပြီး ဝန်ထမ်းနှင့် မိသားစုဝင်များ သက်သာချောင်ချိရေးအတွက် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးပွားစေမည့် အသေးစား၊ အလတ်စားလုပ်ငန်းများ ထူထောင်နိုင်မည့် ယခုကဲ့သို့သော နည်းပညာပေး သင်တန်းများကိုလည်း ဖွင့်လှစ်ပေးနေခြင်း ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် တက်ရောက်ကြမည့် ဝန်ထမ်းများအနေဖြင့် သင်တန်းမှ သင်ကြားပေးသည့် ပညာရပ်များကို တတ်မြောက်အောင် ကြိုးစားသင်ယူကြရန်နှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကြောင်းပညာရပ်များကို သက်ဆိုင်ရာ တိုင်းရင်းသားပြည်သူများကိုလည်း လက်ဆင့်ကမ်းမျှဝေပေးရန် လိုအပ်ပါကြောင်း၊ သို့မှသာ ကိုယ်ပိုင်အသေးစား၊ အလတ်စားလုပ်ငန်းများကို ထူထောင်နိုင်ပြီး တစ်ပိုင်တစ်နိုင်လုပ်ငန်းမှသည် စီးပွားဖြစ်လုပ်ငန်းဆီသို့ တက်လှမ်းနိုင်အောင် ကြိုးစားဆောင်ရွက်ကြရုံမျှမက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင်လည်း ကျရာကဏ္ဍမှ ကိုယ်စီအသီးသီး အထောက်အကူပြုနိုင်ရေး ကြိုးပမ်းအကောင်အထည်ဖော်သွားကြရန် တိုက်တွန်းပြောကြား ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုသင်ကြားပို့ချသည့် နည်းပညာများကို တန်ဖိုးထားသင်ကြား လေ့လာ၍ လေ့ကျင့်သွားကြရန်၊ သင်ကြားမှုများကို အောင်မြင်စွာတတ်မြောက်၍ မိမိဒေသ ပတ်ဝန်းကျင်ရှိ တိုင်းရင်းသား ပြည်သူများအား အသိပညာ၊ နည်းပညာများ ပြန်လည်မျှဝေ သင်ကြားပေးနိုင်သူများဖြစ်ရန် ကြိုးစားလေ့လာ သင်ယူကြရမည် ဖြစ်ပါကြောင်း၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းမှသည် စီးပွားဖြစ်လုပ်ကိုင်နိုင်ပါက ချမ်းသာကြွယ်ဝမှု၊ အောင်မြင်မှုသည် လက်တစ်ကမ်း၌ရှိနေပါကြောင်း ပြောကြားပါသည်။
ထို့နောက် သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် အသုံးပြုမည့် အထောက်အကူပြုပစ္စည်းများကို လိုက်လံကြည့်ရှုပြီး သင်တန်းနည်းပြများက ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရှိ ရပါသည်။
ယခုသင်တန်းကို (၃-၆-၂၀၂၄) ရက်နေ့မှစ၍ (၁၂-၆-၂၀၂၄) ရက်နေ့ထိ (၈) ရက်ကြာ စာတွေ့လက်တွေ့သင်ကြား ပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၂) ဦး တက်ရောက်သင်ကြားကြမည် ဖြစ်ကြောင်း သိရှိရပါသည်။