တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် အကမွမ်းမံသင်တန်း (၁/၂၀၂၄)သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၂၇-၅-၂၀၂၄)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ကပွဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်) တာဝန်ခံ အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးစန်းလှိုင်၊ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန(ရုံးချုပ်)မှ အကနည်းပြများနှင့် အကသင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
သင်တန်းဖွင့်ပွဲတွင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး က တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထားချစ်မြတ်နိုးတတ်စေရန်၊ ရိုးရာအကများကိုလည်း မိမိတို့ တိုင်းရင်းသားအလိုက် ဖော်ထုတ်ထိန်းသိမ်းတတ်စေရန်၊ အကနည်းပြ ဆရာ/ဆရာမများ၏ သင်ကြားပို့ချမှုများကို စနစ်တကျလိုက်နာတန်ဖိုးထား လက်ဆင့်ကမ်း ကြိုးစားစွမ်းဆောင်ကြရန်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ထာဝစဉ် အလေးထားဆောင်ရွက်သွားကြစေလိုပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) တာဝန်ခံအရာရှိ ဦးစန်းလှိုင် က အကမွမ်းမံသင်တန်းဖွင့်လှစ်ရခြင်းမှာ ရိုးရာအကများသင်ကြားရာတွင် ရိုးရာစံသတ်မှတ်ချက် (Traditional Norm) မကျော်စေရန်၊ တိုင်းရင်းသားရိုးရာဝတ်စုံများကိုလည်း ခေတ်အလိုက် (National Costume)ကို သတ်မှတ်ချက်အတိုင်း တိကျစွာ ဝတ်စားဆင်ယင်ပြီး ပွဲထွက်ကပြရန်နှင့် ခေတ်မီတီထွင်ဆန်းသစ်သော အကများဖြစ်ပြီး ရိုးရာယဉ်ကျေးမှုနှင့် မဆန့်ကျင်ရန်လိုအပ်ကြောင်းကို အထူးအလေးထားဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
၎င်းနောက် အခမ်းအနားတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန (ရုံးချုပ်)မှ အက နည်းပြများက ရုပ်သေး(မင်းသား၊ မင်းသမီး)အက၊ ဇော်အကနှင့် မှုံရွှေရည်အက စသည့် ရိုးရာအက (၃)ပုဒ်ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး က အကနည်းပြ ဆရာ/ဆရာမများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။