တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ “တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောပွဲနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ်" ကို ၁၇-၅-၂၀၂၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ဝင်္ဂဘော်ကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူး တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ရွှေဝါက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများပါ အခန်းကဏ္ဍများ၊ ဒေသခံ တိုင်းရင်းသားတို့၏ အသက်မွေးဝမ်းကြောင်းပညာလိုအပ်ချက်ဆိုင်ရာ လက်ရှိအခြေအနေမှန်ကို သိရှိရန် စစ်တမ်းကောက်ယူခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားများအနေဖြင့် မိမိတို့ဒေသများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး (ဥပမာ ကျေးလက်လမ်း၊ တံတား၊ လျှပ်စစ်မီး၊ ဆေးပေးခန်း၊ စာသင်ကျောင်း) တို့အတွက် လိုအပ်ချက်များရှိပါကတင်ပြပေးကြရန် လိုအပ်ပါကြောင်း၊ တင်ပြပေးမှသာလျှင် လိုအပ်ချက်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကလေးအလုပ်သမားနှင့်သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းချက်များ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များအကြောင်းကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းသန်းက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက လူမှုဝန်ထမ်းဦးစီးဌာနမှ စီမံဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဌေးက စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပဲခူးခရိုင် အားကစားမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဝင်းက လူငယ်ရေးရာနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆုသီရိအေးက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများပါ အခွင့်အရေးနှင့် ရပိုင်ခွင့်များ၊ တားမြစ် ချက်များနှင့် ပြစ်ဒဏ်များ၊ အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း အသီးသီးဆွေးနွေး ပြောကြားခဲ့ပါသည်။ ထို့နောက် ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ နာယက စောကာကာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၈၀)ဦး ဖြေဆိုခဲ့ကြပါသည်။ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ရွှေဝါက အသိပညာပေး ဟောပြောပေးကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်များနှင့် ဒေသခံတိုင်းရင်းသားများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ အခမ်းအနား ကို ရုတ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်များ၊ ဘုရားကြီးမြို့ အုပ်ချုပ်ရေးမှူး ဦးမင်းဝေဂံ၊ ဒေသခံတိုင်းရင်းသားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။