တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွံ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် မေလ (၂၄) ရက်နေ့၊ နေ့လယ်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တွေ့ဆုံအမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏စာပေနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားရေးရာများကိုဆောင်ရွက်ခြင်းနှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်တိုးတက်ခိုင်မာလာစေရေးအတွက် ကျန်းမာရေး၊ ပညာရေးနှင့် လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းတာဝန်များကို နိုင်ငံတော်က ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်အနက် လူမှုရေးဦးတည်ချက်ပါ တစ်နိုင်ငံလုံး အသိပညာအတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြု ပညာရှင်များထွန်းကားလာစေရေးတို့အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး ဆိုသည့် ဦးတည်ချက်ကို အထောက် အကူပြုစေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းရင်းသားဘာသာစာပေ သင်ကြားမှုကို ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင်နိုင်ရေးကိစ္စနှင့် တိုင်းရင်းသားများအတွက် တိုက်ရိုက်အကျိုးခံစား စေမည့် လုပ်ငန်းများကို နိုငါငံတော်၏လုံခြုံရေးနှင့်အမျိုးသားအကျိုးစီးပွားတို့ကို မထိခိုက်စေဘဲ ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ မြေလွတ်၊ မြေလတ်၊ မြေရိုင်းများတွင် ဆောင်ရွက်မည့်လုပ်ငန်းများတွင်လည်း တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာအရ သက်ဆိုင်သည့်မြေများ ပါဝင်မှုရှိ/မရှိ အချိန်နှင့်တပြေးညီ ကွင်းဆင်းစိစစ်ပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ မြေလွတ်၊ မြေလတ်၊ မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုကော်မတီသို့ သဘောထားမှတ်ချက်များ ပြန်ကြားဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ မိမိတို့တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၏ အဓိကလုပ်ငန်း ဖြစ်သည့် တိုင်းရင်းသားရေးရာနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် တိုင်းရင်းသားအချင်းချင်း (သို့မဟုတ်) တိုင်းရင်းသားလူမျိုးများအကြားဖြစ်ပွားသည့် အငြင်းပွားမှုများကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများထံ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တာဝန်ခွဲဝေအပ်နှင်းထားပြီး ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့ များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံတော်နှင့်တိုင်းရင်းသား၏အကျိုးစီးပွားကို ရှေးရှု၍ တင်ပြဆောင်ရွက်နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွံက မန္တလေးတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ဒေသအတွင်း ဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
၎င်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး အထွေထွေ ဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်း ပေါင်းစပ်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယနေ့ တိုင်းရင်းသားခေါင်းဆောင်များ၏ တင်ပြသည့်အချက်များကို စနစ်တကျ သေချာမှတ်သားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များတို့နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေး ပင်ဖြစ်ပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းမှုရှိရန်လိုပါကြောင်း၊ တိုင်းရင်းသားဒေသများဖွံ့ဖြိုးတိုးတက်မှ တိုင်းပြည်အေးချမ်း သာယာမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများအနေဖြင့် တစ်ဦးနှင့်တစ်ဦး အမုန်းမပွားဘဲ စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်ဖြင့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ ဒို့တာဝန်အရေးသုံးပါးကိုမထိခိုက်စေဘဲ နိုင်ငံသူနိုင်ငံသားများနှင့် တိုင်းရင်းသားပြည်သူများ မျှော်လင့်တောင့်တနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေး လုပ်ငန်းများတွင် မိမိတို့ကျရာကဏ္ဍမှ အားကြိုးမာန်တက် အစွမ်းကုန် ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ ပါသည်။
ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးတို့က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ များအား ပြည်ထောင်စုရန်ပုံငွေမှ တစ်ဖွဲ့လျှင် ထောက်ပံ့ငွေ ကျပ် (၅) သိန်းစီ အသီးသီး ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။