ညောင်တုန်းမြို့နယ်၊ ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းက ကြီးမှူးကျင်းပသည့် နွေရာသီကရင်စာပေသင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် ညောင်တုန်းမြို့နယ်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံအရာရှိနှင့်အတူ အမှုထမ်းများ၊ တိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအမှုဆောင်များ၊ ညောင်တုန်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်၊ မြို့နယ်ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များ၊ မြို့နယ်ကရင်တိုင်းရင်းသား ဘာသာစာပေသင် TA/LT ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌမန်းဝင်းမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက နှုတ်ခွန်းဆက်စကားပြောကြားရာ၌ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ခြင်းဆိုင်ရာ အကြောင်းအရာများနှင့် တိုင်းရင်းသားဘာသာစာပေသင် TA/LT ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရေးအတွက် အသိပညာပေးရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်စိုး နှင့် ညောင်တုန်းမြို့နယ်၊ ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ စောရန်မျိုးနိုင် တို့က အမှာစကားပြောကြား၍ သင်တန်းကျင်းပရေးကော်မတီ အတွင်းရေးမှူး နန့်စမ်းသီတာဦးက သင်တန်းကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် သင်တန်း နည်းပြ ဆရာ၊ ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ သင်တန်းသား/သူများအား သင်တန်း ဆင်းလက်မှတ်များနှင့် ထူးချွန်ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး သင်တန်းသားများက ကရင်တိုင်းရင်းသား ရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ပါသည်။ အဆိုပါသင်တန်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ (၂၀) ရက်တာ ကာလအတွင်း ဖွင့်လှစ်သင်ကြားပို့ချခဲ့ပြီး ပိုးကရင် နှင့် စကောကရင် တိုင်းရင်းသားဘာသာစာပေသင် TA/LT ဆရာ၊ ဆရာမ (၁၈၀)ကျော် တက်ရောက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။