ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်းသားရိုးရာအကသင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မေလ ၇ ရက်နေ့၊ နံနက် (၈:၀၀) အချိန်တွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ညွှန်ကြားရေးမှူးရုံးရှိ ဦးစီးဌာန (၂) ခုမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကရင်/ရခိုင်/ချင်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ဝင်များ၊ သင်တန်းနည်းပြဆရာမများ၊ သင်တန်းသူများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ချီးမြှင့်ငွေ များ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး စောလင်းခယ်က သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ် ခဲ့ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းသူများနှင့် Azalea Stars အကအဖွဲ့တို့က တိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ ပါသည်။ ၎င်းနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။