တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောပွဲနှင့် ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူခြင်းအစီအစဉ်ကို ဘားအံမြို့တွင် ကျင်းပ ဘားအံ၊ မေလ ၉ ရက်
ဘားအံ 2024-05-14
Image

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊  ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ "တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်" ကို (၉-၅-၂၀၂၄) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာ၊ ရွာလယ်ကျောင်းတိုက်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက တိုင်းရင်းသား ဒေသခံများအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအား သိရှိနိုင်ရန်နှင့် ဒေသအတွက် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို သိရှိနိုင်ရန်အတွက် စစ်တမ်းကောက်ယူရခြင်းဖြစ်ကြောင်းစသည်ဖြင့် အဖွင့် အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက် သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်း၊  တိုင်းရင်းသားလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်ပေါ်စေရန် စာပေများဖတ်ရှုခြင်းနှင့် ပတ်သက်၍ ဆွေးနွေးရှင်းလင်း ပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက  တိုင်းရင်းသားဘာသာသင် ဆရာ၊ ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT) များခန့်အပ်ထားမှုကိစ္စများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံး၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းများကို လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များအား လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းလှိုင်က ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသမီးရေးရာကိစ္စရပ်များ၊ မသန်စွမ်းရေးရာကိစ္စရပ်များနှင့် လူမှုရေးပင်စင်စသည့် ကိစ္စရပ်များကို လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးဝေယံထက်က အမုန်းစကားနှင့် အကြမ်းဖက်မှု ဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာပေးကိစ္စရပ်များ၊ လူမျိုးပြုန်းတီးမှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူစာချုပ်ကို လိုက်နာဆောင်ရွက်ရေးနှင့် စပ်လျဉ်းသည့် အသိပညာပေးကိစ္စရပ်များ၊ တိုင်းရင်းသားကလေးငယ်များ ကျောင်းစတင်အပ်နှံချိန်တွင် မိမိတို့လူမျိုး၏ ဝိသေသရှေ့ဆောင်စကားလုံးများပါဝင်သည့် အမည်ဖြင့် ကျောင်းအမည် စာရင်း ရေးသွင်းနိုင်ရေးကိစ္စများ၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူရခြင်း လုပ်ငန်းစဉ်နှင့်  စစ်တမ်းဖြေဆိုပုံ မေးခွန်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၁၀၀)ဦး ဖြေဆိုခဲ့ကြပါသည်။ အခမ်းအနားသို့ပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှအဖွဲ့ဝင်များ၊ ထုံးအိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျေးရွာသူ၊ ကျေးရွာသားများ ဖိတ်ကြားထားသော ဧည့်သည်တော်များ  တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

Image
Image
Image
Image
Image
Image
Image