မွန်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် မွန်ပြည်နယ်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းတို့ ပူးပေါင်း၍ ကရင်တိုင်းရင်းသား စာပေသင် ဆရာ/ ဆရာမများ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ခုနှစ်၊ မေလ(၉)ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများနှင့် မြို့နယ် အသီးသီးမှ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစောအောင်ကျော်သိန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ရန်ပုံငွေကျပ်သိန်း(၃၀)အား လူမှုရေးရာဝန်ကြီးမှ သင်တန်းကျင်းပရေး တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူး၍ သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။