တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဇော်အေးမောင် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြား တောင်ကြီး မေ ၉
ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့နယ် 2024-05-10
Image

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ရောက်ရှိနေသော တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ (၉) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ပထမဦးစွာ ဒုတိယဝန်ကြီးသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်း ပြည်နယ် ညွှန်ကြားရေးမှူးရုံးနှင့် ကယားပြည်နယ်ညွှန်ကြားရေးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများ၊ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် သင်တန်းသား/သူများအား  ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းဟောပြောပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းကြရာ ဒုတိယဝန်ကြီးက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပါသည်။

ထိုနောက် ဒုတိယဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး တို့က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးတို့မှ အရာထမ်း၊ အမှုထမ်းတို့နှင့် ဝန်ထမ်းတွေ့ဆုံပြီး ဒုတိယဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့၏ စွမ်းဆောင်ရည်များကို စဉ်ဆက်မပျက်မြှင့်တင်ကြရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ထားရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည် နှင့်အညီ နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံဝန်ထမ်းသစ္စာ အဓိဋ္ဌာန်(၆)ချက်နှင့် နိုင်ငံဝန်ထမ်း ကျင့်ဝတ်များကို အလေးထားလိုက်နာဆောင်ရွက်ရန်လိုပါကြောင်း၊ ရုံးလုပ်ငန်းများ ပီပြင်အောင် ဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို စည်းစည်းလုံးလုံးညီညွတ်စွာ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းစင်တာ အဆောက်အဦအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး သင်တန်းစင်တာ ရေရှည်ကြံခိုင်မှုရှိစေရန်အတွက် လိုအပ်သည်များ ဆောင်ရွက် နိုင်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။ ၎င်းနောက်  ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံး ရုံးအဝင်လမ်း ခင်းမည့် မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာကောင်းမွန်စေရန်၊ ခိုင်ခံ့မှုရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရ ပါသည်။ 

Image
Image
Image