ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအချက်အလက်များ ရှင်းလင်းခြင်း အခမ်းအနားကျင်းပ နေပြည်တော် ဧပြီ ၉
နေပြည်တော် 2024-04-11
Image

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအချက်အလက်များ ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာတို့မှ တာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများက Online စနစ်ဖြင့် တက်ရောက်ကြပါသည်။ 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေ ရှင်းလင်းအသိပညာပေးဟောပြောပွဲကို ပထမအကြိမ်အဖြစ် (၂၅-၃-၂၀၂၄) ရက်နေ့တွင် ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါ ကာကွယ်ရေးဝန်ကြီးဌာနမှ (၂၆-၃-၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်လာသည့် ပြည်သူ့စစ်မှုထမ်းတာဝန်မှ ကင်းလွတ်ခွင့်နှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးအတွက် ကျင်းပရခြင်းဖြစ်ပြီး အလေးအနက်ထား၍ မှတ်သား ကြစေလိုပါကြောင်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ တိုင်းရင်းသားတိုင်းသည် နိုင်ငံသား ဖြစ်ပြီး နိုင်ငံသားတိုင်းသည် ဒို့တာဝန်အရေး (၃)ပါး ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသော ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသား လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားရှိသဖြင့် ချစ်ခင်စည်းလုံး ညီညွတ်စွာ နေထိုင်ကြရမည် ဖြစ်ပါ ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံများအနေဖြင့်လည်း ယခု ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအချက်အလက်များကို ပိုမိုကျယ်ကျယ်ပျံ့ပျံ့ သိရှိစေရန် ထပ်ဆင့် ရှင်းလင်းကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် အခက်အခဲများရှိပါကလည်း အထက်သို့ အဆင့်ဆင့် တင်ပြကြရန် ဖြစ်ပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားရှိသဖြင့် ချစ်ခင် စည်းလုံးညီညွတ်စွာ နေထိုင်ကြရမည်ဖြစ်ပြီး တစ်ဦးလိုအပ်ချက်ကို တစ်ဦးက ဖြည့်ဆည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ မိသားစုအကျိုး၊ ဌာနအကျိုး၊နိုင်ငံအကျိုးတို့ကို မိသားစု စိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ပြောကြားပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးက ရှင်းလင်းပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို နိုင်ငံသားတိုင်းသည် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်း ဆောင်နိုင်ရန်ရည်ရွယ်ပါကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ (၂၆-၃-၂၀၂၄) ရက်နေ့ပါ စာအမှတ် ၂/၄၆၀/ပ-၂/ကကန ဖြင့် ဆက်လက်ထုတ်ပြန်သည့် ပြည်သူ့စစ်မှုထမ်း တာဝန်မှ ကင်းလွတ်ခွင့်နှင့်ပတ်သက်၍ ဉာဏ်ရည်မမီခြင်းနှင့် အကျင့်စာရိတ္ထပျက်ပြားသူများ၊ အစားထိုးရန် မဖြစ်နိုင်သေးသော နိုင်ငံ့ဝန်ထမ်း အသိပညာရှင် အတတ်ပညာရှင်များ၊ တိုက်ပွဲကျ တပ်မတော်သား/ရဲ/  ပြည်သူ့စစ် အဖွဲ့ဝင်များ၏ သားသမီးအရင်းအချာများ၊ အာဆီယံ/အာရှ/ ကမ္ဘာအဆင့်ပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေး တစ်ခုခုရရှိသူများ၊ လုပ်သက်(၂)နှစ်အထက်ရှိ စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းဆရာဝန်/ သူနာပြုများ၊ ကင်းလွတ်ခွင့် ပြုရန် လိုအပ်နေသူဖြစ်ကြောင်း ကျိုးကြောင်းခိုင်လုံစွာ တင်ပြနိုင်သူများဖြစ်ပါကြောင်း၊  ရွှေ့ဆိုင်း ခွင့်ပြုနိုင်သူများနှင့်ပတ်သက်၍ ဆင့်ခေါ်စာရရှိပြီး သတင်းမပို့ရသေးမီ ပြင်းထန်ဒဏ်ရာ ရရှိသူ/ မိဘ(သို့မဟုတ်) ဇနီးသေဆုံးသူ၊ ချုပ်နှောင်ခံနေရသူ/အမှုရင်ဆိုင်နေရသူ၊ နိုင်ငံတော် လိုအပ်ချက်များအရ ပညာရပ်များကို သင်ယူနေသူ၊ ယာယီရွှေ့ဆိုင်းပေးရန် မဖြစ်မနေလိုအပ်သူ စသည်တို့ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ လတ်တလောတွင် အကျုံးဝင်သူနိုင်ငံသား တိုင်း စစ်မှုထမ်းရန် မလိုအပ်သေးပါကြောင်း၊ ရွေးချယ်ရေးအဖွဲ့များဖွဲ့စည်း၍ ရပ်ကျေးအဆင့် လိုအပ်သည့်ပမာဏကိုသာခေါ်ယူပြီး   ဆေးစစ်ပြီး အောင်မြင်မှသာ တာဝန်ထမ်းဆောင် ရမည် ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို မြန်မာတစ်နိုင်ငံတည်းတွင်သာ ထူးခြားပြီး ပြဋ္ဌာန်း ထားခြင်းမဟုတ်ဘဲ အခြားကမ္ဘာ့နိုင်ငံများတွင်လည်း ပြဋ္ဌာန်းကျင့်သုံးလျက်ရှိသည့် ဥပဒေ ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်  ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍   မိမိတို့ ပတ်ဝန်းကျင်ရှိ တိုင်းရင်းသားပြည်သူများအား မိမိတို့သိရှိထားသည်များကို အပြုသဘောဖြင့် ပြန်လည်ဝေမျှပြီး နိုင်ငံတော်၏ အကျိုးအတွက် ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း  ပြောကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။


Image
Image
Image