ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းများနှင့် ပူးပေါင်း၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားဘာသာသင်ထောက်ကူ (TA)နှင့် တိုင်းရင်းသားဘာသာသင်(LT)ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း (၁/၂၀၂၄)ကို ၂၀၂၄ ခုနှစ် ဧပြီလ(၃)ရက်နေ့မှ (၁၀)ရက်နေ့အထိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းပညာရေးမှူးနှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းအဆင့် ဌာနဆိုင်ရာ အကြီး အကဲများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက သင်တန်းဖွင့်လှစ်ရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ရာ ကရင်၊ ရှမ်း စာပေနှင့်ယဉ်ကျေးမှုအသင်းများမှ ဥက္ကဌများက လက်ခံခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက သင်တန်းတွင် အသုံးပြုရန်အတွက် ထောက်ပံ့ငွေပေးအပ်ရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်မှ လက်ခံခဲ့ပါသည်။ ထို့နောက် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကရင်ရိုးရာ ဝါးညှပ်အက၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ရှမ်းရိုးရာယိမ်းအက၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ ယဉ်ကျေးမှုအဖွဲ့မှ အကများဖြင့် ကပြဖျော်ဖြေခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ကရင်နှင့် ရှမ်း တိုင်းရင်းသားဘာသာစာပေသင်(TA/LT)ဆရာ၊ ဆရာမ (၁၁၀)ဦး တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။