နွေရာသီကရင်စာပေသင်ကြားရေး ဆရာ၊ ဆရာမများမွမ်းမံသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ ဧရာဝတီ၊ ဧပြီလ ၁
ဧရာဝတီတိုင်းဒေသကြီး 2024-04-05
Image

ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး အနေဖြင့် ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့်ပူးပေါင်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် နွေရာသီကရင်စာပေသင်ကြားရေး ဆရာ၊ ဆရာမများမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄  ခုနှစ်၊ မတ်လ ၃၁ ရက်နေ့၊ နံနက်ပိုင်းတွင် ပုသိမ်မြို့၊ မရမ်းချောင်း၊ ကက်သလစ်သာသနာဝင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အတူ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန နှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ကရင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များ၊ ကရင်တိုင်းရင်းသားဘာသာစာပေသင် TA/LT ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ 

အခမ်းအနားကို ကရင်အမျိုးသားသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပိုးကရင်စာပေသင် နည်းပြဆရာကြီး မန်းစမ်းစန် နှင့် စကောကရင်စာပေသင် နည်းပြ ဆရာမကြီး နော်မေဆက် တို့က သင်တန်းသားများအား နည်းစနစ်မှန်ကန်စွာပြန်လည်သင်ကြားပို့ချ နိုင်ရေးအတွက် လိုအပ်သည်များမှာကြား၍ အားပေးတိုက်တွန်းစကားပြောကြားခဲ့ပြီး သင်တန်းသား များကိုယ်စား သင်တန်းသား(၁)ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းနည်းပြဆရာ၊ ဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်း နှင့် သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။ အဆိုပါ သင်တန်းကို  ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ (၆)ရက်တာကာလအတွင်း ဖွင့်လှစ် သင်ကြားပို့ချခဲ့ပြီး မြို့နယ် (၂၆)မြို့နယ်ရှိ ပိုးကရင် နှင့် စကောကရင်တိုင်းရင်းသားဘာသာစာပေသင် TA/LT ဆရာ၊ ဆရာမ (၇၅) ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image
Image