ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး အနေဖြင့် ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့် ပူးပေါင်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ရခိုင်တိုင်းရင်းသားစာပေဆရာဖြစ်မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ (၅)ရက်တာကာလအတွင်း ပုသိမ်မြို့၊ မဟာရံသီ ကျောင်းတိုက်၌ ဖွင့်လှစ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီးနှင့်အတူ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန နှင့် တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များ၊ ရခိုင်တိုင်းရင်းသားဘာသာ စာပေသင် TA/LT ဆရာ၊ ဆရာမများ၊ ကရင် နှင့် ချင်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း နာယက ဦးအောင်ဘသိန်းက သင်တန်းသား/သူများကို အားပေးတိုက်တွန်းစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်းသည့် ရည်ရွယ်ချက်နှင့် ကျေးဇူးတင်စကား ပြောကြားခြင်း၊ သင်တန်းသား/သူများကိုယ်စား သင်တန်းသား(၂)ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းဆင်းပွဲတွင် သင်တန်းနည်းပြ ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့် ငွေပေးအပ်ခြင်း နှင့် သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။ အဆိုပါသင်တန်းကို ပုသိမ်၊ ငပုတော၊ ဖျာပုံ နှင့် လပွတ္တာ မြို့နယ် (၄)မြို့နယ်ရှိ ရခိုင်တိုင်းရင်းသားဘာသာစာပေသင် TA/LT ဆရာ၊ ဆရာမ (၉၅) ဦး တက်ရောက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။