တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်”ကို (၁၆-၃-၂၀၂၄) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ မကျည်းလဟာကျေးရွာ၊ အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရေကြည်မြို့၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုထွန်းက မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ အမုန်းစကားနှင့်လူမျိုးပြုန်းစေမှုတားဆီးရေး သိမှတ်ဖွယ်ရာများနှင့် စစ်တမ်းကောက်ယူရသည့် ရည်ရွယ်ချက်များကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမေက ကိုယ်ဝန်ဆောင်မိခင်များအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေးများနှင့် လူမှုရေးပင်စင်စသည့် အကြောင်းအရာများ ကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူး ဦးလှမျိုးနွယ်က မိုးစပါး၊ နွေစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် ကောက်ပဲသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေးဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်း များက ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ချက်စစ်တမ်းများကို ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား(၆၁)ဦးတို့မှ ဖြေဆိုခဲ့ကြပါသည်။ ထို့နောက် တက်ရောက် လာကြသူများအား တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါ သည်။ အခမ်းအနားသို့ မြို့နယ်ကရင် စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။