တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ဝန်ကြီးဌာန၏ (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို ၃၀-၃-၂၀၁၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့သည် ဝန်ကြီးဌာန၏ သက်တမ်း (၈)နှစ်ပြည့်မြောက်သည့် နှစ်ပတ်လည်နေ့ အခမ်းအနားဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်မှာ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်စေရေးပင် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအနေဖြင့် တိုင်းရင်းသားစာပေ သင်ကြားရေးဆရာ၊ ဆရာမများ ခန့်ထားရေးကိစ္စရပ်များ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကို တိုင်းရင်းသားဘာသာများဖြင့် ပြန်ဆိုပုံနှိပ် ထုတ်ဝေသည့်ကိစ္စရပ်များ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအား တိုင်းရင်းသားဘာသာများသို့ ပြန်ဆိုဖြန့်ဝေပေးခြင်းကိစ္စရပ်များ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် NCA အား (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် တိုင်းရင်းသားဘာသာ များသို့ ပြန်ဆိုစာအုပ်ထုတ်ဝေ၍ ဖြန့်ဝေခြင်းကိစ္စရပ်များ၊ သန်းခေါင်စာရင်းဆိုင်ရာ အချက် အလက်များအား တိုင်းရင်းသားဘာသာသို့ ပြန်ဆိုခြင်းကိစ္စရပ်များ၊ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်)အား အဆင့်မြှင့်တင်ခြင်းကိစ္စရပ်များ၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာတွင် အသက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်ခြင်းစသည့် ကိစ္စရပ်များကို အကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဗလငါးတန် နှင့်ပြည့်စုံသူများဖြစ်စေရေးအတွက် မိမိတို့၏ အရည်အသွေး၊ အရည်အချင်းများကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်း(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆)ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကို လိုက်နာစောင့်ထိန်းကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ နှစ်ပတ်လည်အခမ်းအနားမှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် မိမိတို့ဝန်ကြီးဌာန၊ တိုင်းရင်းသားပြည်သူများနှင့် နိုင်ငံတော်၏ အကျိုးစီးပွားရလဒ်ကောင်းများကို မိမိကျရာ အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) ၊ အခြေခံမူများ၊ ပုဒ်မ ၆၊ ၁၅၊ ၁၇ (ဂ)၊ ၂၂ တို့တွင် တိုင်းရင်းသားရေးရာနှင့် ပတ်သက်သော အချက်များ ပြဋ္ဌာန်းထားသည့်အတွက် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေကို ၂၀၁၃ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပြီး ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ အဆိုပါဥပဒေအရ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၃ အရ တိုင်းရင်းသားရေးရာကိစ္စရပ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဌာနများအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၏ ရသုံးမှန်းခြေငွေစာရင်းတွင် နှစ်စဉ်ထည့်သွင်းရေးဆွဲရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ညှိနှိုင်း၍ တိုင်းရင်းသားရေးရာနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်နှင့် အငြင်းပွားမှုများဖြေရှင်းနိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းရင်းသားရေးရာဝန်ကြီးများကို တာဝန်ခွဲဝေ အပ်နှင်းခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းသို့ တာဝန်ခွဲဝေ အပ်နှင်းထားသည့်အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးရုံးများကို ကြီးကြပ်ပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ လာမည့်နှစ်တွင် ဝန်ထမ်းများအားလုံး အတွေးအမြင်သစ်၊ အားအင်သစ်များဖြင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားပါသည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း ဌာနဆိုင်ရာ သင်တန်းများ၊ ပြိုင်ပွဲများတွင် ဆုရရှိသူများအား ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆုများ ချီးမြှင့်ပေးပြီး ဝန်ထမ်းများအား ကံစမ်းမဲဖောက်ပေးခဲ့ပါသည်။
ယင်းနောက် ဝန်ထမ်းများက တိုင်းရင်းသားရိုးရာအဆို၊ အကများဖြင့် ဧည့်ခံဖျော်ဖြေကြပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း အမှုထမ်းများအားလုံး နေ့လယ်စာကို လက်ရည်တပြင်တည်း အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရှိရပါသည်။