ပြည်သူ့စစ်မှုထမ်းဥပဒေ ရှင်းလင်းအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာတို့မှ တာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများက Online စနစ်ဖြင့် တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနား သည် နိုင်ငံတော်ကာကွယ်ရေးအတွက် မရှိမဖြစ်လိုအပ်သော ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ ဝန်ထမ်းများအားလုံး ရှင်းလင်းစွာ သိရှိနိုင်စေရေးအတွက် ကျင်းပခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် အလို့ငှာ စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းဆောင်ရန်အတွက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၄)ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး စတင်အာဏာတည်သည့်အချိန်ကို သတ်မှတ်ခဲ့ခြင်း မရှိပါ ကြောင်း၊ ယခုအခါ နိုင်ငံတော်ကာကွယ်ရန် လိုအပ်လာသည့်အတွက် အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၄) ဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀)ရက်တွင် အာဏာတည်သည့်ရက်အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ သို့ဖြစ်ရာ ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များကို နိုင်ငံသားတိုင်း သိရှိလိုက်နာဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ အဆိုပါဥပဒေကို အခန်း (၈)ခန်း၊ ပုဒ်မပေါင်း (၃၃)ခုဖြင့် ပြဋ္ဌာန်းထားရှိပါကြောင်း၊ မြန်မာနိုင်ငံသားတိုင်းသည် နိုင်ငံတော်ကာကွယ်ရန်အတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၄၀၊ ၃၈၅ နှင့် ၃၈၆ တို့တွင် ဖော်ပြထားပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို မြန်မာတစ်နိုင်ငံတည်းတွင်သာ ထူးခြားပြီး ပြဋ္ဌာန်းထားခြင်း မဟုတ်ဘဲ အခြားကမ္ဘာ့နိုင်ငံများတွင်လည်း ပြဋ္ဌာန်း၍ ကျင့်သုံးလျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နိုင်ရန် အကျုံးဝင်သည့် လူဦးရေ ၁၃ သန်းခန့်ရှိပြီး အမျိုးသားအင်အား ၆ သန်းကျော် အနက် ၁ ရာခိုင်နှုူန်းဖြစ်သော ၆ သောင်း ခန့်သာ ခေါ်ယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ပြီးပါက ဦးစားပေးအလိုက် ဝန်ထမ်း ခန့်အပ်ခြင်း၊ အလုပ်အကိုင်ရရှိခြင်းစသည့် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်းသည် မိမိတို့ရပ်ရွာ လုံခြုံစိတ်ချစွာ နေထိုင်လုပ်ကိုင်နိုင်ရေး၊ မိမိတို့၏ အကျိုး စီးပွားဖြစ်ထွန်းစေရေးမှစ၍ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေနိုင်မည့် အချက်များကို ကာကွယ်ရန် တာဝန်ရှိပါကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် မိမိတို့၏ ရပ်ရွာချစ်စိတ်၊ နိုင်ငံချစ်စိတ်တို့ဖြင့် ဆောင်ရွက်ရသည့် တာဝန်ဖြစ်ပြီး တိုင်းရင်းသားများ အားလုံး၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရသည့်အတွက် လွန်စွာမှ မွန်မြတ်ကြီးကျယ်သော လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်း ဥပဒေကို လိုက်နာရသကဲ့သို့ နိုင်ငံတော်ကပြဋ္ဌာန်းထားသည့် ဥပဒေများကိုလည်း လိုက်နာရန်ဖြစ်ပြီး မိမိတို့ သိရှိထားသည့် အသိပညာများကို သေချာစွာလေ့လာ၍ တိုင်းရင်းသားပြည်သူများ လိုက်နာနိုင်ရေး အတွက်လည်း လက်ဆင့်ကမ်း အသိပညာပေး ရှင်းလင်းပြောကြားရန်လိုအပ်ပါကြောင်း၊ တိုင်းရင်းသားတိုင်းသည် နိုင်ငံသားဖြစ်ပြီး နိုင်ငံသားတိုင်းသည် အမျိုးသားရေးတာဝန်(၃)ရပ်ကို လိုက်နာရန် တာဝန်ရှိသည့်အတွက် ဝန်ထမ်းများအနေဖြင့် ယခုကာလတွင် မိမိတို့ ပတ်ဝန်းကျင်ရှိ တာဝန်ထမ်းဆောင်ကြရမည့် တိုင်းရင်းသားပြည်သူများအား မိမိတို့သိရှိထားသည်များကို အပြုသဘောဖြင့်ဝေမျှပြီး နိုင်ငံတော်၏အကျိုးအတွက် ကျရာအခန်းကဏ္ဍမှတစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်း လိုပါကြောင်း ပြောကြားပါသည်။
ထို့နောက် ဒုတိယဝန်ကြီးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စစ်မှုထမ်းဆင့်ခေါ်ခြင်း၊ စစ်မှုထမ်းကာလအတွင်း အကျိုးခံစားခွင့်များ၊ လျာထားစီမံချက်၊ ကင်းလွတ် ခွင့်ရှိသူများ၊ ရှောင်လွှဲပါက ကျသင့်မည့် ပြစ်ဒဏ်များ၊ ယာယီရွှေ့ဆိုင်းခွင့်ရှိသူများ၊ စစ်မှုထမ်းရမည့် အသက် အရွယ်အပိုင်းအခြား၊ သတ်မှတ်ကာလ၊ စစ်မှုထမ်းစနစ်ကို ကျင့်သုံးရသည့် အကြောင်းအရင်း၊ စစ်မှုထမ်းစနစ်နှင့်စပ်လျဉ်း၍ ကျင့်သုံးလျက်ရှိသည့် ကမ္ဘာ့နိုင်ငံများအကြောင်းတို့ကို ဆွေးနွေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ပြည်သူ့ စစ်မှုထမ်းများ ခေါ်ဆိုနိုင်ရန် စနစ်တကျ စီစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံသားများသာလျှင် ဂုဏ်ယူစွာ ဖြင့် စစ်မှုထမ်းဆောင်ခွင့် ရရှိခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှု ထမ်းဆောင်ခြင်းဖြင့် တပ်မတော်နှင့် ပြည်သူတစ်သားတည်းဖြစ်လာပြီး နိုင်ငံတော်ကာကွယ်ရေးတွင် အင်အား တောင့်တင်းလာနိုင်မည်ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် အချင်းချင်း လေးစားယုံကြည် အကျိုးလိုလားပြီး ငြိမ်းချမ်းရေးရရှိ၍ စည်းလုံးညီညွတ်ကာ တိုင်းပြည်ငြိမ်းချမ်းသာယာ၍ နိုင်ငံ တော် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ပြည်သူ့စစ်မှုထမ်းဥပဒေပါ အခန်း(၈)ခန်းကို အသီးသီး ရှင်းလင်းပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။