မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် “ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ”ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၂) ရပ်ကွက်၊ အကွက်အမှတ်(၂၂)၊ ခပေါင်းရေကြည်ရပ်၌ ဖွင့်လှစ်လျက်ရှိပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကယားပြည်နယ်ညွှန်ကြားရေးမှူးရုံးနှင့် ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ လိုက်ပါလျက် မတ်လ(၁၉)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ဖွင့်လှစ်ခဲ့သည့် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ဤအခြေခံကွန်ပျူတာသင်တန်းသို့တက်ရောက်ခဲ့သည့် သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းကာလမှာ (၁) လ ဖြစ်သော်လည်း အချိန် (၁) လ နှင့် ထိုက်တန်သည့်ပညာတစ်ခုရရှိခဲ့ပြီး အထိုက်အလျောက်တတ်မြောက်ပြီးဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ တက်မြောက်ပြီးသည့် ပညာများကိုလည်း မမေ့မလျော့အောင် အမြဲလေ့ကျင့်စေလိုကြောင်း၊ တတ်နိုင်သူများအနေဖြင့် အဆင့်မြင့် ကွန်ပျူတာစာရင်းကိုင်သင်တန်းများအားလည်း ထပ်မံသင်ကြား လေ့လာစေလိုပါကြောင်း၊ သင်တန်းစင်တာအနေဖြင့် အခြားသောဌာနများနှင့် သင်တန်းများ မထပ်စေရန် ရွေးချယ်ဖွင့်လှစ်ရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်း/အဖွဲ့/ ကော်မတီများကိုအခြေခံ၍ သင်တန်းသားများ ခေါ်ယူသည့်အတွက် တိုင်းရင်းသား မျိုးနွယ်စုများ စုံလင်စွာ တက်ရောက်ခွင့်ရရှိကြပါကြောင်း၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုရရှိပြီး ယဉ်ကျေးမှု ဓလေ့ထုံးစံများဖလှယ်သည့် နေရာဖြစ်ပါကြောင်း၊ မိမိတို့ နေရာဒေသ ပြန်လည်ရောက်ရှိသည့်အခါ အခြားဒေသခံများသို့ လက်လှမ်းမီသလောက် ဤသင်တန်းစင်တာမှ ဖွင့်လှစ်သည့် သင်တန်းများ တက်ရောက်ရသည့်အကျိုးများကို လက်ဆင့်ကမ်း ပြောကြားစေလိုပါ ကြောင်း၊ သင်တန်းမှ သင်ပေးလိုက်သည့်ပညာရပ်များကို မိမိရပ်ရွာကို အထောက်အကူပြု၊ အကျိုးပြု စေလိုကြောင်းပြောကြားခဲ့ပါသည်။
ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့်သင်တန်းသူများအား ဆုချီးမြှင့်ခြင်း၊ တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကယားပြည်နယ်ညွှန်ကြားရေးမှူးရုံး၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကယားပြည်နယ် ညွှန်ကြား ရေးမှူးရုံး၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးတို့မှ တာဝန်ခံအရာရှိများက သင်တန်းသား/ သင်တန်း သူများအားသင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခြင်း၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ တာဝန်ခံအရာရှိက သင်တန်းဆရာမများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ခြင်း၊ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကိုပိတ်သိမ်းခဲ့ပါသည်။
အဆိုပါသင်တန်းကို (၁၉-၂-၂၀၂၄)ရက်နေ့မှ (၁၉-၃-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်နယ်အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ လီဆူ၊ ယင်းကြား၊ ယင်းနက်၊ ထနော့ စသည့် တိုင်းရင်းသားမျိုးနွယ်စုမှ သင်တန်းသူ/သား(၂၀) ဦး တက်ရောက်သင်ကြားခဲ့ပါသည်။