လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှု နည်းပညာသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ နေပြည်တော် မတ် ၂၁
နေပြည်တော် 2024-03-22
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် “လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှု နည်းပညာသင်တန်း” ဆင်းပွဲအခမ်းအနားကို မတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ  တက်ရောက်ကြပါသည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် “လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာသင်တန်း'ကို လာရောက်သင်ကြားပို့ချပေးသည့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ နည်းပြဆရာမများ၊ ပံ့ပိုးကူညီဆောင်ရွက်ပေးသည့် တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ယခုဖွင့်လှစ်ခဲ့သည့် သင်တန်းသည် မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများအား လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာများကို သင်ယူတတ်မြောက်စေရန်၊ တတ်မြောက်လာသည့်နည်းပညာကို ဖန်တီးအသုံးချ၍ ဝန်ထမ်းမိသားစုများ သက်သာချောင်ချိရေးအတွက် နောင်တစ်ချိန်တွင် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေနိုင်သည့် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများကို တစ်ပိုင်တစ်နိုင် ထူထောင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ  သင်တန်းပြီးမြောက်အောင်မြင်သွားပြီဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ  သင်ကြားပေးလိုက်သော ပညာရပ်များ၊ နည်းပညာများမှတစ်ဆင့် မိမိဘာသာဆင့်ပွားဆန်းသစ်တီထွင်၍ ပိုမိုအရည်အသွေးမြင့်မားသည့် ကုန်ပစ္စည်းများဖြစ်စေရန် ကြိုးစား ဆောင်ရွက်ပြီး ဈေးကွက်သို့ တင်ပို့နိုင်မည်ဆိုပါက အချိန်တိုအတွင်း မိသားစုစီးပွားရေးတိုးတက် နိုင်မည့် အခွင့်အလမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ တတ်မြောက် ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပြီး မိမိတို့၏ နေ့စဉ် လစဉ် နှစ်စဉ် ဝင်ငွေများကို သမာအာဇီဝကျကျ ရှာဖွေဆောင်ရွက်နိုင်ကြမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဒေသထွက်ကုန်ပစ္စည်းများကို သက်ဆိုင်ရာဒေသအလိုက် ချိတ်ဆက်ပေါင်းစပ်ဆောင်ရွက်၍ မိမိဒေသတွင်သာမက တိုင်းဒေကြီး၊ ပြည်နယ်အသီးသီးရှိ  တိုင်းရင်းသားပြည်သူများ သုံးစွဲနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ လေ့လာသင်ယူခဲ့ရသည့် နည်းပညာ၊ ဗဟုသုတများကို အသုံးချ၍ ကိုယ်ပိုင်အသေးစား၊ အငယ်စားမှသည် အလတ်စားလုပ်ငန်းများ ထူထောင်ကာ  မိသားစုစီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန် ဆောင်ရွက်နိုင်ရုံ သာမက ဝင်ငွေတိုးပွားပြီး ဘာသာ သာသနာအကျိုး၊ နိုင်ငံ့အကျိုးကို ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားပါသည်။

ထို့နောက် ဒုတိယဝန်ကြီးဦးဇော်အေးမောင်က  သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့ ယခုလေ့လာသင်ယူခဲ့ရသည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာများကို  ကျွမ်းကျင်ပိုင်နိုင်စေရေးအတွက် အကြိမ်ကြိမ် ပြန်လည်လေ့ကျင့်၍ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများအား ပြန်လည်မျှဝေ သင်ကြားပေးသွားရန်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအတွင်း၌လည်း အဆိုပါနည်းပညာများကို အသုံးပြု၍ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ပြီး ဝန်ထမ်းများအချင်းချင်း၊ ဝန်ကြီးဌာနအချင်းချင်း အပြန်အလှန် ဝယ်ယူ အားပေးခြင်းဖြင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးတွင် တစ်ဖက်တစ်လမ်းမှ  အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရမှလည်း ဒေသအလိုက် အဓိကထုတ်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရေးနှင့်  အသေးစား၊ အငယ်စား၊ အလတ်စား၊ အကြီးစားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိရာ ယခုသင်တန်းမှ လေ့လာသင်ယူခဲ့ရသည့် နည်းပညာရပ်များသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေး အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်ပါစေကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသား(၁)ဦးကလည်းကောင်း၊ သင်တန်းသူများကိုယ်စား သင်တန်းသူ (၁) ဦးကလည်းကောင်း လက်ခံရယူကြပါသည်။

ယင်းနောက် သင်တန်းတွင် ပထမဆုရရှိသည့် သင်တန်းသူအား  ပြည်ထောင်စုဝန်ကြီးက လည်းကောင်း၊ ဒုတိယဆုရရှိသည့် သင်တန်းသူအား ဒုတိယဝန်ကြီးကလည်းကောင်း၊ တတိယဆုရရှိသည့် သင်တန်းသားအား အမြဲတမ်းအတွင်းဝန်ကလည်ကောင်း အသီးသီးဆုများ ချီးမြှင့် ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင် စကားပြောကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်  သင်တန်းသား၊ သင်တန်းသူများမှ ထုတ်လုပ် ထားသည့် လူသုံးကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုရာ ဆုရရှိကြသည့် သင်တန်းသား၊ သင်တန်းသူများက ထုတ်ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image